Latest News

*ဘုန်းဘုန်းသို့ပေးစာ (၆) (ရွှေဝါဆပ်ပြာ အပိုင်းလေး)*

ဘုန်းဘုန်းရေ…

မင်္ဂလာပါနော်.. နေကောင်းရဲ့လား ဘုန်းဘုန်း… အဲ ဖိုးသားလည်း ဘုန်းဘုန်း ဘုန်းဘုန်းနဲ့ ရေးနေတာ ဘယ်ဘုန်းဘုန်းကို ရည်ရွယ်ပြီး ရေးလို့ရေးမှန်း မသိဘူးလို့ ဘုန်းဘုန်းတို့က ဆိုလေမလားပဲ… ဟုတ်ပါတယ်… ဟိုးအရင် ရေးခဲ့တဲ့ စာတွေကတော့ ဖိုးသားနဲ့ သိတဲ့ ဘုန်းဘုန်းတွေထဲက တစ်ပါးပါးကို ရည်ရွယ်ပြီး ရေးခဲ့တာပါ… ခု ဒီစာလေးကတော့ ဖိုးသားနဲ့ သိတဲ့ ဘုန်းဘုန်းတွေကော မသိသေးတဲ့ ဘုန်းဘုန်းတွေကော အကုန်လုံးကို ရည်ရွယ် လိုက်ပါတယ်…

စကားတောင် အဆက်အစပ် မရှိတော့ဘူး နေကောင်းရဲ့လား ဘုန်းဘုန်း… ဖိုးသားတော့ ဒီနေ့ ဖျားချင်သလို ဖြစ်နေတယ်.. ခြေထောက်က အနာရှိန်ကြောင့် ဘုန်းဘုန်းရ.. ဒါပေမယ့် ခုစာရေးနေတဲ့ အချိန်တော့ သက်သာသွားပါပြီ.. လူကတော့ သိပ်မလန်းသေးဘူး…

ဒါနဲ့ စကားမစပ် ပြောရဦးမယ် ဘုန်းဘုန်းရ… ဒီစာရေးတဲ့ ခေါင်းစဉ်နဲ့တော့ သိပ်မဆိုင်ပါဘူး.. ဘာလဲဆိုတော့ ဖိုးသား ဘုန်းဘုန်းတို့ကို ကျန်းမာစေကြောင်း နေ့တိုင်း မေတ္တာပို့တဲ့ အကြောင်းလေးပါ… တစ်ပါးချင်းစီကို ဖိုးသား စိတ်ထဲမှာ အရုံပြုပြီး မေတ္တာပို့တာ… အရင်ဆုံး ဘုန်းဘုန်းတို့ ပုံတော်တွေကို အာရုံပြုတယ်.. နောက် တစ်ပါးချင်း မေတ္တာပို့တယ်.. ဓါတ်ပုံ မမြင်ဘူးတဲ့ ဘုန်းဘုန်း တွေကိုတော့ စိတ်မှန်းနဲ့ပဲ ဘွဲ့တော်လေးကို အာရုံပြုပြီး မေတ္တာပို့တာပေါ့ ဘုန်းဘုန်းရာ…

ဒီလို မေတ္တာပို့နည်း လေးကိုလည်း ဘုန်းဘုန်း ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ရေးတဲ့ မေတ္တာအတွေးများ စာအုပ်ထဲက ဖိုးသား သိတာ…၊ ဘယ်လို မေတ္တာပို့လဲ ဆိုတော့…

ဘုန်းဘုန်း (×××××) သည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို၊ သာသနာ့ ၀န်ကို လွယ်ကူစွာ ဆောင်ရွက် နိုင်ပါစေ… ဆိုပြီးတော့။

အဲ ထားပါ ဘုန်းဘုန်းရာ… ဖိုးသားလည်း ဟိုဟာပြော ဒီဟာပြောနဲ့ ခုမှပဲ ခေါင်းစဉ်နဲ့ ဆိုင်တာလေး ဘုန်းဘုန်းကို ပြောပြရဦးမယ်… ဒီလို ဘုန်းဘုန်းရ…

ဘယ်နေ့ လည်းတော့ ဖိုးသားလည်း ကောင်းကောင်း မမှတ်မိတော့ဘူး… အဲဒီနေ့က ဖိုးသား ထမင်းစားပြီးတော့ ပန်းကန်ဆေးဖို့ ဗေဇင် ကိုသွားတာပေါ့… ပန်းကန်ဆေးဖို့ ဆပ်ပြာက ယူသွားဖို့ မေ့သွားတယ် ဘုန်းဘုန်းရ အဲဒီအချိန်မှာ.. ဒါပေမယ့် ပန်းကန်ဆေးတဲ့ ဗေဇင်ရောက်တော့ အဆင်ပြေသွားတယ်… ဆပ်ပြာ ပြန်ယူစရာ မလိုတော့ဘူး.. ဘာလို့လဲဆိုတော့ ဗေဇင်ပေါ်မှာ ရွှေဝါဆပ်ပြာ အပိုင်းလေး တစ်ပိုင်း တင်ထားတာနဲ့ ဖိုးသား သွားတိုးတာကိုး.. ဒါနဲ့ ဖိုးသားလည်း အဲဒီရွှေဝါ ဆပ်ပြာလေးကို အသုံးပြုလို့ ပန်းကန် ဆေးလိုက်တာပေါ့…

အဲ ဖိုးသားလည်း ဆေးပြီးမှ သတိရတာက ဒီရွှေဝါဆပ်ပြာ အပိုင်းလေးက ဖိုးသား သူငယ်ချင်း တစ်ယောက်ယောက် ပန်းကန် လာဆေးရင်းနဲ့ မေ့ကျန်ခဲ့တာ လားပေါ့.. ဒါဆိုရင်တော့ ငါလည်း ပိုင်ရှင်မသိဘဲ ဒီဆပ်ပြာကို သုံးတော့ အဒိန္နာဒါနာ အမှုတော့ ကျူးလွန်သလို ဖြစ်ပြီ ထင်တယ်ဆိုပြီး ဖိုးသား ကိုယ့်ကိုယ်ကို တွေးလိုက်မိတယ်… ဒါပေမယ့်လည်း သုံးပြီးမှတော့ ဘာမှ မတတ်နိုင်တော့ဘူးလေ.. နောက် ဒီလို အမှုမျိုး ထပ်မဖြစ် အောင်သာ ကိုယ့်ကိုယ်ကို ထိန်းရတော့မှာပေါ့ ဆိုပြီး ဖိုးသား ဆင်ခြင်မိသွားတယ် ဘုန်းဘုန်း..

ဒါပေမယ့် ထူးဆန်းတာက အဲဒီ ရွှေဝါဆပ်ပြာ အပိုင်းလေးက နောက်နေ့လည်း ဘယ်သူမှ လာမယူဘူး ဘုန်းဘုန်းရ… အဲဒီတော့မှ ဖိုးသား သဘော ပေါက်တာက ဒီလို ပန်းကန် လာဆေးတဲ့ သူတွေ အဆင်ပြေအောင် တစ်ယောက် ယောက်က ဒီရွှေဝါ ဆပ်ပြာလေးကို တမင်တကာ လာချ ပေးထားတာ ပါလား ဆိုပြီး…၊ နောက်နေ့တွေ မှာလည်း ဒီဆပ်ပြာ အပိုင်းလေးကို ဘယ်သူမှ လာမယူတော့သလို၊ ကုန်သွားရင်တောင် ဆပ်ပြာ အသစ်တစ်တုံးက ရောက်နေပြန်တယ်... ဖိုးသား စဉ်းစားတာ မှန်သွားတာပေါ့ ဘုန်းဘုန်းရာ... တစ်ဆက်တည်း ဒီလိုမျိုး သူတစ်ပါး အဆင်ပြေအောင် လုပ်နိုင်စွမ်းတဲ့၊ အသေးအဖွဲက အစ စဉ်းစား နိုင်စွမ်းတဲ့ ဘယ်သူမှန်းမသိတဲ့ ဖိုးသား သူငယ်ချင်းရဲ့ စိတ်ဓါတ်ကိုလည်း လေးစားမိသွားတယ် ဘုန်းဘုန်း...

ဘာလို့လဲ ဆိုတော့ ဖိုးသား အဲသလို မလုပ်နိုင်ဘူး ဖြစ်နေတယ်... ပန်းကန်သွားဆေးတိုင်း ဖိုးသား စဉ်းစားတယ်... ငါ့ဆီမှာလည်း ရွှေဝါဆပ်ပြာတွေ ပါတာပဲ၊ ငါလည်း ဒီလိုမျိုးလေး သူများ အဆင်ပြေအောင် လုပ်ပေးရင် ကောင်းမလားပေါ့... (ဒီရွှေဝါ ဆပ်ပြာက ဖိုးသားတို့ကို ဒီမလာခင် လူတိုင်းကို ထုတ်ပေးလိုက်တာ) ဒါပေမယ့် အဲဒီ အချိန်တုန်းက ဖိုးသား ဘယ်လိုမှ စိတ်ထားလို့ မရဘူး.. ခုန ဖိုးသား သူငယ်ချင်းလို စိတ်ဓါတ်မျိုး (ဒီနေ့အထိ အဲသလို ဆပ်ပြာ လာချတာ ဘယ်သူလဲဆိုတာ မသိပါဘူး ဘုန်းဘုန်း)၊ ဘာမှတန်ဖိုးလည်း ကြီးကြီးမားမား မဟုတ်ဘဲနဲ့...

ဘယ်လိုလည်း ဆိုတော့ ဖိုးသား စိတ်ကို သူတစ်ပါးရဲ့ အပြုအမူတွေက လာနှောင့်ယှက်နေတာ၊ ပြောရရင် အကုသိုလ်စိတ် စိုးမိုးနေတာပေါ့... ဒီလို စိုးမိုးစေတဲ့ အကြောင်းတရားတွေက ဘာတွေလည်းလို့ ဘုန်းဘုန်း မေးချင်နေမလားပဲ... ဖိုးသား ပြောပါ့မယ်... ဒီလိုပါ..

တစ်ချို့ သူငယ်ချင်းတွေဆို တအား နေနိုင်တယ်... ပန်းကန် လာဆေးရင် ဆပ်ပြာက မပါ... ခုန သူများ ချထားတဲ့ ဆပ်ပြာကို သုံးပြီး ဆေးသွားတယ်... ကိုယ်တိုင်တော့ ဆပ်ပြာဝယ်ဖို့ မစဉ်းစားဘူး.. စသဖြင့်ပေါ့ ဘုန်းဘုန်းရာ... အဲသလို ဖိုးသား စိတ်က တွေးနေမိတယ်... ဖိုးသားရဲ့ ဆပ်ပြာလေး ချထားပြီး ကုသိုလ် ပြုချင်နေတဲ့ စိတ်ကို အဖျက်က ၀င်တယ်ပဲ ပြောရမလား၊ ဖိုးသား စိတ်ကို ဖိုးသား မနိုင်သေးဘူးပဲ ပြောရမလား ဆိုတာ ဖိုးသား သေချာ မသိခဲ့ပါဘူး... အဲဒီ အချိန်တုန်းက...

ဒါပေမယ့် ဖိုးသား ဒီစိတ်ကို တဖြေးဖြေး ဖျောက်တယ်.. မကောင်းတဲ့စိတ်၊ မကောင်းတဲ့ အတွေးဆိုတာကို သိလို့.. ခက်တော့ ခက်တယ် ဘုန်းဘုန်းရ၊ အကုသိုလ်စိတ်ကို တွန်းလှန် ရတာလည်း.. ဒါပေမယ့်လည်း သူများလုပ်နိုင်တာ ငါဘာလို့ မလုပ်နိုင်ရမှာလည်း ဆိုတဲ့ စိတ်နဲ့ အဲဒီ ဗေဇင်မှာ အမည်နာမ မသိတဲ့ ဖိုးသား သူငယ်ချင်း ချပေးထားတဲ့ ဆပ်ပြာ ကုန်တဲ့နေမှာ ဖိုးသားဆီမှာ ရှိတဲ့ ရွှေဝါဆပ်ပြာလေးကို ပိုင်းပြီး သွားချ ထားလိုက်တယ်... စိတ်ကလည်း လူတိုင်း အဆင်ပြေပါစေ၊ ပန်းကန်လာဆေးတဲ့ သူတိုင်း ဒီဆပ်ပြာ လေးကို အသုံးပြုပြီး စိတ်ချမ်း သာပါစေလို့ သဘော ထားလိုက်တယ်...

ထူးဆန်းတယ်ပဲ ပြောရမလား.. ကိုယ့်စိတ်ကိုပဲ ဖိုးသား နိုင်သွားတယ် ပြောရမလား မသိဘူး ဘုန်းဘုန်း... ဖိုးသား စိတ်ထဲ တော်တော်လေးကို နေသာ ထိုင်သာ ရှိသွားသလို၊ ဒီလို ပြုမူနိုင်လိုက်တဲ့ အတွက်ကော တော်တော်လေး ကိုယ့်ကိုယ်ကို ဂုဏ်ယူ မိသွားတယ်... ရွှေဝါဆပ်ပြာ တစ်ပိုင်းက ငွေတန်ဖိုးအားဖြင့် မကြီးပေမယ့် အဲဒီကနေ ရခဲ့တဲ့ အသိတရား၊ ကုသိုလ် တရားတွေကတော့ တန်ဖိုး ဖြတ်လို့ မရဘူးလေ...

နောက်ပြီး အဲသလို စိတ်ဓါတ်မျိုး၊ အသိမျိုး မွေးနိုင်အောင်၊ ပြုမူ ဆောင်ရွက်နိုင်အောင် လုပ်ဆောင် ပေးခဲ့တဲ့ ဘယ်သူမှန်း သေချာမသိတဲ့ ဖိုးသား သူငယ်ချင်းကိုလည်း ကျေးဇူး တင်နေမိတယ် ဘုန်းဘုန်း... ပြောရရင် ရွှေဝါဆပ်ပြာက ပေးတဲ့ အသိပေါ့ ဘုန်းဘုန်းရာ...

ဖိုးသားမှာ ဒီလို မကောင်းတဲ့ စိတ်ကလေးတွေ ရှိတယ် ဘုန်းဘုန်းရ... ဒီစိတ်လေးတွေကို နိုင်အောင် ဖိုးသား တဖြေးဖြေး တွန်းလှန်နေပါတယ် ဘုန်းဘုန်း... ဘုန်းဘုန်းတို့လည်း ဖိုးသားကို လိုတာလေးတွေ ပြုပြင်လို့ သွန်သင်ပေးပါနော်... မိဘနဲ့ အဝေးရောက်နေတော့ သွန်သင်ပေးမယ့် သူကမရှိဘူးလေ... အဲဒါကြောင့်ပါ။

ဘုန်းဘုန်းလည်း ဖိုးသား ပြောပြတာတွေ ဖတ်ပြီး အချိန်ကုန်ရောပေါ့... တော်ပြီနော် ဘုန်းဘုန်း... ဖိုးသားစာကို အဆုံးသတ် လိုက်တော့မယ်... ဒီလို စိတ်ဓါတ်မျိုး လေးတွေ ရအောင် သွန်သင်ပေးခဲ့တဲ့ ဘုန်းဘုန်း တို့ကိုလည်း ဖိုးသား ကျေးဇူးတင်လျက်ပါ... သတိရတဲ့ အချိန်တိုင်းလည်း အစဉ် ဦးထိပ်တင်လျက်ပါ ဘုန်းဘုန်း...


ဘုန်းဘုန်း ကျန်းမာပါစေ၊ စိတ်ဆင်းရဲ ကင်းဝေးပါစေ...
လေးမြတ်ရိုကျိုးစွာ ရှိခိုးဦးတင်လျက်
ချစ်တပည့်လေး
ဖိုးသား

04/03/2009, WED:, 20:12:47 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. အရှင်သုမန
    March 6, 2009 at 3:57 AM

    ဖိုးသားရေ မေးစစ်ရင်း ဖိုးသားပို့လိုက်တာကို ဖတ်လိုက်တယ်၊
    ဖိုးသားရဲ့ စာကို ဖတ်လိုက်တော့မှဘဲ ဖိုးသားရဲ့ စိတ်ဓာတ်ကို ပိုသိလာတယ်၊
    တကယ်တော့ အဒိန္နာဒါနကံမြောက် မမြောက်ဆိုတာက ကိုယ့်ရဲ့စိတ်ပေါ်မှာလဲ မူတည်ပါတယ် ဖိုးသား။ ကိုယ့်စိတ်က ခိုးလိုတဲ့စေတနာမပါရင် ကံမမြောက်ဘူးလေ၊ “စေတနာဟံ ဘိက္ခစေ ကမ္မ၀ါရမိ” ဆိုတာ ဘုရားဟောထားတာလဲ ရှိတယ်လေဖိုးသား၊ စေတနာပါမှ ကံမြောက်တာပါ၊ ကောင်းတာ လုပ်တာဘဲ ဖြစ်ဖြစ် မကောင်းတာလုပ်တာဘဲ ဖြစ်ဖြစ်ပေါ့၊ ကိုယ့်စေတနာက အဓိကပဲပေါ့ဖိုးသား၊ ဖိုးသားရဲ့စာ နောက်ပိုင်းအတိုင်းဘဲပေါ့၊ စိတ်ထားတတ်ရင် မြန်ပါတယ်ဆိုတာလေ။

Leave a Reply