Latest News

*ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်ပါ*

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ကျွန်တော် ဒီအကြောင်း အရာလေးကို ရေးဖို့ စဉ်းစားထားတာ ကြာပါပြီ… ဒါပေမယ့် နည်းနည်း အလုပ်များ နေတာနဲ့ ခုမှပဲ ရေးဖြစ်တော့တယ်… ဒီင်္လိုဗျ…

ကျွန်တော် ခုတလော နေ့စဉ်ရက်ဆက် ဘုရားခန်းဝင်၊ ဘုရားရှိခိုး၊ တရားထိုင် ဒါလေးကို လုပ်ဖြစ် နေတယ်ပေါ့ဗျာ… အဲဒီမှာ ကျွန်တော် သတိထားမိတာလေး ပြောချင်လို့… ဖြစ်သင့် မဖြစ်သင့်၊ လုပ်သင့် မလုပ်သင့်ကိုတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစား ဆုံးဖြတ်စေလိုပါတယ်… ဘာလဲဆိုတော့ ဘုရားဆွမ်းတော် ကပ်တဲ့ကိစ္စ…

ဟုတ်ပြီ ဘုရားဆွမ်း တော်ကပ်တာ ဘာဖြစ်သတုန်းလို့ မေးရင်တော့…

အဲဒီနေ့က ကျွန်တော် ဘုရားခန်းဝင်တော့ ဆွမ်းတော် ကပ်ထားတာ တွေ့တယ်… သစ်သီးဆွမ်း တွေပေါ့ဗျာ… နာနတ်သီး၊ ပန်းသီး၊ ကျွဲဂေါသီး၊ ငှက်ပျောသီးနဲ့ စပျစ်သီး… စုံနေတာပါပဲ… အဲဒီမှာ ကျွန်တော် ဘာကိုသွား သတိထားမိ သလဲ ဆိုတော့ ဒီသစ်သီးတွေ ဘုရားကိုသာ ကပ်ထားတယ်၊ ဒါပေမယ့် လှီးထားခြင်း၊ အခွံနွှာထားခြင်း၊ တစ်ခုတစ်လေမှ မရှိဘူး… နောက် ကျွန်တော် ရောက်သွားတဲ့ အချိန်က ညဘက်။ ဒီအချိန်အထိ ဘုရားဆွမ်းတော်က လာမစွန့်သေးဘူး… မေ့နေလို့များ မစွန့်တာလားလို့ အစတော့ ကျွန်တော် အဲလို တွေးတာပေါ့… ဒါပေမယ့် မဟုတ်ဘူးဗျ… သူက လပြည့်၊ လကွယ်မှ တစ်ခါ စွန့်သတဲ့…

ဘာလို့ အဲလို လ၀က်နေမှ တစ်ခါ စွန့်သလဲ ဆိုတော့ ကျွန်တော်တို့ ကျောင်းမှာ အဖွဲ့လိုက် လစဉ် လပြည့် လကွယ်နေ့တိုင်း ဆွမ်းတော် ကပ်ကြတယ်လေ… အဲဒါကို နောက်တစ်ဖွဲ့ ဆွမ်းကပ်အလှည့် မရောက်မချင်း ဘုရားဆွမ်းတော် ကပ်ထားတာကို မစွန့်ဘူးတဲ့… (သစ်သီး ဆွမ်းကို ဆိုလိုတာပါ.. ဒီနေရာမှာ... ဆွမ်းနဲ့ ဆွမ်းဟင်းကိုတော့ စွန့်ကြ ပါတယ်)..။ စွန့်တဲ့ အဖွဲ့လည်း ရှိချင်ရင် ရှိမှာပါ… ဒါပေမယ့် ကျွန်တော် ပြောလိုတာက ဒီလို မစွန့်တာကို အပြစ်ပြောချင်တာ မဟုတ်ပါဘူး… လုပ်သင့် မလုပ်သင့် ဖြစ်သင့် မဖြစ်သင့် စဉ်းစား ဆင်ခြင် စေချင်တာပါ…

ကျွန်တော် သိထားတာလေး ပြောပါရစေ၊ ဒီနေရာမှာ… ဒီလို သိအောင်လည်း ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို ပြောပြဖူးတာပါ…. နံပါတ်တစ်အချက်က သစ်သီးတွေကို မခွဲမစိတ်၊ နောက် အခွံမနွှာဘဲ ဘုရား ဆွမ်းတော် ကပ်တဲ့ ကိစ္စ…

စဉ်းစားကြည့်လေဗျာ… ကျွန်တော်တို့ ဘုန်းတော်ကြီးတွေ၊ ဆရာတော်တွေကို အချိုပွဲ ကပ်ရင်တောင်မှ လိမ္မော်သီး ဆိုလည်း လိမ္မော်သီး အလျောက် အခွံနွှာ အမွှာလေးတွေ တစ်ခုချင်း ဖြစ်အောင် လုပ်တယ်၊ ပန်းသီး ဆိုရင်လည်း ပန်းသီး အလျောက် အခွံနွှာ၊ ခွဲစိတ်ပြီးမှ ကပ်ကြပြီးတော့ ဘာဖြစ်လို့များ ဘုရားကျမှ အခွံမနွှာ မခွဲမစိတ်ဘဲ ကပ်ကြတာပါလိမ့်... သူတို့တစ်တွေ လုပ်တာနဲ့ ကျွန်တော်တို့ ဘုရားသခင်က ကိုယ့်ဟာကို အခွံနွှာ၊ ခွဲစိတ်ပြီး ဘုဉ်းပေး ရမယ့်ကိန်း ဆိုက်နေပြီ...

ဒီနေရာမှာ ကျွန်တော်ဒီလို ပြောခြင်းသည် ဘုရားရှင်အား တလေးတစား၊ တရိုတသေ သက်ရှိထင်ရှား ရှိနေသလိုမျိုး ဆွမ်းတော် ကပ်စေချင်တာပါ... ၀ိနည်းတော်နဲ့ ညီမညီ၊ ဘုရားဟော ဟုတ်မဟုတ် ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး...

ဒါမျိုးကလည်း ဘုရားရှင်ကို ပိုပြီးတော့ ယုံကြည် သက်ဝင် ကြည်ညိုလာလေ.. ပိုပြီးတော့ တလေးတစား ဆွမ်းတော်ကပ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ သောက်တော် ရေချမ်း ကပ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် ပိုပြီး တလေးတစား ရှိလာလေပဲလို့ ကျွန်တော် ထင်ပါတယ်...

ကျွန်တော်ဆို အခု ဘုရားဆွမ်းတော် ကပ်ရင် ကိတ်မုန့်ဆို လှီးပြီးမှ ကပ်တယ်၊ လှီးတာ တောင်မှ ကျွန်တော်တို့ လူတွေ စားနိုင် သလိုမျိုး တစ်လုပ်စာ ပမာဏ ကိတ်မုန့် လေးတွေကို လှီးတယ်၊ ပြီးမှ ကပ်တယ်...၊ နောက် ခေါက်ဆွဲပြုတ်လို အရာမျိုး ဆွမ်းတော် ကပ်ရင်လည်း ဇွန်းလေးတပ်ပြီးမှ ကပ်တယ်၊ လက်သုတ် ပုဝါလေးလည်း ချထား ပေးတယ်... ပန်းသီး ဆိုရင်လည်း အခွံနွှာ၊ တစ်လုပ်စာ အရွယ် လှီးပြီးမှ ကပ်တယ်... ကျန်တဲ့ အရာတွေလည်း ထိုနည်း တူပါပဲ... အဓိကကတော့ ဘုရားရှင်ကို သက်ရှိထင်ရှား ရှိနေသလိုမျိုး တရိုတသေ တလေးတစား ကပ်တဲ့ သဘောပါ...

နောက် ဆွမ်းတော် ကပ်တဲ့ နေရာမှာလည်း အလျင်စလို မလုပ်ဘူး.. အလုပ်ရှိနေလို့ မြန်မြန် ဆန်ဆန် ကပ်တဲ့ ပုံစံမျိုး ဘုရား မရှိခိုးဘူး... ဆွမ်းတော် ကပ်ဖို့၊ ဒါမှမဟုတ် ဘုရားရှိခိုးဖို့ ကြာမယ့် အချိန်ကို နဂို ကတည်းက ချန်ထားတယ်.. ဘာလို့လဲ ဆိုတော့ အလုပ်ရှိနေတဲ့ အခါမျိုးမှာ ကမန်းကတန်း၊ ကတိုက်ကရိုက် ဘုရားရှိခိုးတော့ ရတဲ့ ကုသိုလ်ကလည်း ကမန်းကတန်း ကတိုက်ကရိုက်နဲ့ တန်တဲ့ ကုသိုလ်ပဲ ရမှာစိုးလို့...

ဒါလေးနဲ့ ပတ်သတ်ပြီး မနေ့က လေးတင် ဘုန်းဘုန်းဆေကိန္ဒ ရဲ့ ဧည့်သည် ဆိုတဲ့ တရာလေး နာလိုက်ရသေးတယ်... အဲဒီမှာ ဒီလိုလေး ဘုန်းဘုန်းက ဟောထားတယ်..

သံသရာ ခရီးသွား ဧည့်သည်တွေ အနေနဲ့ ဒါန ရိက္ခာထုပ်၊ သီလ ရိက္ခာထုပ်၊ ဘာဝနာ ရိက္ခာထုပ် တို့ကို တတ်စွမ်းသမျှ ထုပ်နိုင်အောင် လုပ်ရမယ်တဲ့... အဲသလိုမျိုး ထုပ်ပိုး ရာမှာလည်း သေသေသပ်သပ် လှလှပပ ချပ်ချပ်ရပ်ရပ် ထုပ်ပိုးရမယ်တဲ့၊ ကမန်းကတန်း ကြွတ်ကြွတ်အိပ်နဲ့ ထုပ်သလိုမျိုး ထုပ်ပိုး ရင်တော့ ကြွတ်ကြွတ်အိတ် ဒါန၊ ကြွတ်ကြွတ်အိတ် သီလ၊ ကြွတ်ကြွတ်အိတ် ဘာဝနာတွေပဲ အကျိုးပေးမှာမို့ ကြွတ်ကြွတ်အိတ် ကုသိုလ်ပဲ ရမယ်တဲ့” လေ...။

ကျွန်တော်ရေးတာ ဘုန်းဘုန်း ဟောခဲ့တဲ့ စကားအသုံး အနှုန်းတွေနဲ့ လွဲကောင်း လွဲနိုင်ပါတယ်… ဒါပေမယ့် သဘော တရားကတော့ ဒီသဘော တရားပါပဲ…

နောက်တစ်ခု ကျွန်တော် ပြောလိုတာက ဆွမ်းတော် စွန့်တဲ့ အပိုင်းပါ.. နေ့ခင်း ၁၂-နာရီ ကျော်ရင် ဘုရားရှင်ကော၊ ဆရာတော် သံဃာတော် တွေပါ ဆွမ်းဘုဉ်းပေးလို့ မရတော့မှန်း ကျွန်တော်တို့ တစ်တွေ လူတိုင်းနီးပါး သိကြပါတယ်… အဲဒါကို တစ်ချို့က ဒီနေ့ ဆွမ်းတော် ကပ်ထားတာကို ဘာကြောင့်များ နောက်ရက် ကူးသွားတဲ့ အထိ မစွန့်ကြတာလဲ… ကျွန်တော် နားမလည်ဘူး… တန်ဖိုးကြီးကြီး သစ်သီးတွေ လှူဒါန်း ထားတာကို လူမြင် ကောင်းအောင် မစွန့်တာလား… ဒါမှမဟုတ် မေ့တတ်တဲ့ ၀ါသနာကြောင့်လား… လူမြင်ကောင်းအောင် ဆွမ်းတော် ကပ်တယ်၊ နောက်ရက် အထိ မစွန့်ဘူး ဆိုရင်တော့ ဒါဟာ အကျိုးမျှောတဲ့ ဒါန၊ ယုတ်ညံ့တဲ့ ဒါန (ဟီနာ ဒါန) ဖြစ်သွားပါပြီ…။

ဒီ့အတွက်ကြောင့် ကျွန်တော့် အမြင်တော့ ၁၂-ကျော်ရင် ဘုရားဆွမ်းတော်ကို အချိန်မှီ စွန့်သင့်ပါတယ်… ညနေ ၅-နာရီ၊ ၆-နာရီ အထိ ရောက်သွား တာမျိုးလည်း မဖြစ်သင့်ပါဘူး… နောက် ဒီနေ့ ကပ်ထားတာ ကိုလည်း နောက်နေ့ ပြန်ကပ်တဲ့ ပုံစံမျိုးလည်း မဖြစ်သင့်ပါဘူး (ဥပမာ- သစ်သီးလို အရာမျိုး မစွန့်ဘဲ ထားခြင်း) မြတ်စွာဘုရားရှင်ကို တကယ် ယုံကြည်လေးစား ကြည်ညိုတယ် ဆိုရင်ပေါ့ဗျာ…

နောက်တစ်ခု ကျွန်တော် ပြောချင်ပါသေးတယ်.. လှူဒါန်းတဲ့ ပမဏနဲ့ ပတ်သတ်လို့… ဥပမာ- ဘုရားရှင်ကို ဆွမ်းလှူပြီ၊ ဆွမ်းကပ်ပြီ ဆိုပါစို့… အဲသလို ကပ်ရင်လည်း ပန်းကန် သေးသေးလေးမှာ ကြောင်စာ ကြွက်စာလောက် ထည့်ပြီး မကပ်သင့်ပါဘူးတဲ့၊ ဆွမ်းတော် ကပ်တော့ ကြောင်စာ ကြွက်စာလောက်၊ ဆုတောင်း လိုက်တာကျတော့ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာ… တရားရဲ့လားတဲ့…. ကျွန်တော် ပြောတာ မဟုတ်ပါဘူး ဒီစကားတွေက… ဖြူးဆရာတော် ဘုရားကြီး ဟောသွားတာ… “သွေးနဲ့ရေးတဲ့ သာသနာ” တရားတော်မှာ…

ကဲ.. စာရှုသူ ဓမ္မ မိတ်ဆွေတို့ရေ… ကျွန်တော် ရေးတာလည်း တော်တော် များသွားပြီ…။ တစ်ခါ တစ်လေ ကျတော့လည်း လူတွေ တော်တော် များများက ၀ိပဿနာ၊ ၀ိပဿနာ လို့သာ အော်နေ၊ ပြောနေကြပေမယ့် အောက်ခြေမှာ ကျတော့ အခုလို လစ်လပ်သွားတာ မျိုးလေးတွေ ရှိတတ်လို့ပါ..။ ဒါကြောင့်လည်း ကျွန်တော် ရေးသားလိုက်ရ ခြင်းပါ…။

ဒီအကြောင်း အရာလေး တွေက လုပ်ရမယ်လို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး… လုပ်သင့်တယ် ထင်လို့ ကျွန်တော် ရေးသား လိုက်ရတာပါ… လုပ်မယ်၊ မလုပ်ဘူး ဆိုတာ ကိုတော့ ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်ကြပါတော့…။


လေးစားစွာဖြင့်
ဖိုးသား

3/6/2009, FRI:, 3:44:38 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

4 comments

  1. မင်္ဂလာပါညီလေး...
    အကိုလည်း ဒီသစ်သီးဆွမ်းကပ်တဲ့အကြောင်းကို ညီလေးသုခရိပ်နဲ့ ဆွေးနွေးဖြစ်ပါသေးတယ်... ညီလေး သုခရိပ်က အခုညီလေး ရေးခဲ့တာလေးတွေလိုပါပဲ ပြောပြပါတယ်... ဒါနဲ့အကိုက ပြောပြတယ်..ငါတို့ငယ်ငယ်က ရခိုင်မှာ ရှောက်ချိုသီးပေါ်ချိန်ဆိုရင်လို့.. အမေက ဝယ်လာပြီးတော့ အခွံနွာပြီးတော့ အမြှောင်းကလေးတောင်မဟုတ်ဘူး...အထဲက အသားလေးတွေကို ဓားပါးလေးနဲ့ နွှာနွှာပြီးတော့ သကြားလေးပါ ဖြူးပြီးတော့ ဇွန်းလေးတပ်ကပ်တာကို မြင်ပြီးတော့ ဘေးကကြည့်နေတဲ့ သားက အတုခိုးခဲ့တယ်... ဒီလိုအမေမျိုးကို အခု ကိုယ်တိုင်သဘောအားဖြင့် မြင်လာတော့ကျေးဇူးတင်တာ အမှန်ပါပဲ။ အခုညီလေး ရေးသွားတာလည်း ဒီသဘောကို အလင်းဆောင် ကျေးဇူးပြုလိုက်တာပါပဲ။ ဒီအချက်ကလေးတွေက အမှန်အရေးကြီးပါတယ်...
    ဝိပဿနာဘာဝနာကို အားထုတ်ခွင့်ရဖို့ဆိုတာကလည်း အတိတ်က ဒီလို မှန်ကန်တဲ့ ဒါန သီလ ဘာဝနာမျိုးစေ့တွေ ချခဲ့ရပါတယ်..ညီလေး ရေးခဲ့တာမှာ ပါတဲ့
    ဝိပဿနာ ဝိပဿနာလို့ ဆိုပြီးတော့ အောက်ခြေလွတ်တတ်တာကတော့ ဝမရှိဘဲ လုပ်တဲ့ ဝိကြောင့်သာဖြစ်ပါလိမ့်မယ်လို့ သုံးသပ်လိုပါတယ်။ ပညာတက်တာမှန်ရင် သဒ္ဓါလည်း ပညာနဲ့ ဒါန်တွဲတက်လာတာပါပဲ။ ဒိဋ္ဌိတို့ ဖြစ်စဉ်ကို ကြည့်ရင် ထင်ရှားပါတယ်...သဘောတရားတွေအပေါ်မှာ ရှင်းလင်းစွာသိသွားတဲ့ ဉာဏ်ထင်ရှားဖြစ်လာတဲ့အခါကျတော့မှ ဒီနေ့ကနေစပြီးတော့ တပည့်တော်မှ ဆွမ်းလိုဆွမ်း၊ ကွမ်းလိုကွမ်း စသည်ဖြင့် အစစအရာရာ ဖြည့်ကျင့်လှူဒါန်းခွင့်ပြုပါရစေ ဘုရားလို့ လျှောက်တာကို အဆုံးသတ် တွေ့ကြရတာသည်။ ဒါသည် ပညာကြောင့် သဒ္ဓါဖြစ်ပြီးတော့ သဒ္ဓါခိုင်မာမှန်ကန်သွားတဲ့သဘောပါ။ သဒ္ဓါကြောင့်လည်း ပညာဖြစ်တာရှိပါတယ်။ ဒီလို သဘောအားဖြင့် သဒ္ဓါမှန်ရင် ပညာဖြစ်ထွန်းဖို့ ကျေးဇူးပြုပါတယ်။ ပညာဉာဏ်ထင်ရှားဖြစ်ပေါ်မှုမှန်ရင်လည်း သဒ္ဓါမှန်ကန် ခိုင်မာမှုကို ကျေးဇူးပြုပါတယ်။ ဒီတော့ ဝိပဿနာသည် ပညာဉာဏ်ထင်ရှားဖြစ်အောင် လုပ်တဲ့အလုပ်ဆိုတော့ ဒီအလုပ်လုပ်ပြီးတော့ သဒ္ဓါမမှန်တာသည် ထိုသူ့မှာ ဉာဏ်ထင်ရှားမဖြစ်သေးလို့သာပဲလို့ ဆုံးဖြတ်ချက်ထုတ်ပြန်ရင်လည်း ရပါတယ်။ အမှန်က သဒ္ဓါနဲ့ပညာညီမျှစွာဖြင့် ဝမ်းတူးရိုက်သွားရပါမယ်။ တစ်ဖက်စောင်းမဖြစ်အောင် သူတော်ဆည်းကပ် မြတ်တရားနာမှုက အဓိကပါ ဆိုပြီး အဆုံးသတ် ကောမန့်ထားခဲ့ပါရေစေ... ကျေးဇူးတင်ပါတယ်ညီလေး...

  2. မှတ်သားသွားပါတယ် ညီတော်မောင်ရေ
    ချမ်းမြေ့ပါစေဗျား

  3.ုကိုဝင်းမြင့် ရဲ့ကွန်မန့်လေးရော ဖိုးသားအရေးလေးကို ပါ ကျေးဖူးတင်စွာနဲ့ဖတ်သွားပါပြီ။
    လိုက်နာလျက်ပါ။

  4. အရမ်းတန်ဖိုးရှိတာပဲနော် .. ဖတ်ရှု မှတ်သားသွားပါတယ် .. ဖော်ဝပ်လုပ်ချင်လို့ ကူးသွားပါတယ် ..

Leave a Reply