Latest News

*ဘုန်းဘုန်းသို့ ပေးစာ(၇) (ဒီစိတ်ကြောင့်လည်း ခက်ချည်ရဲ့)*

မင်္ဂလာပါ ဘုန်းဘုန်း…

နေကောင်းရဲ့လား ဘုန်းဘုန်း…။ ဖိုးသား ဘုန်းဘုန်းကို အားကိုးတကြီးနဲ့ တိုင်ပင်လိုက် ပါတယ်…။ အခုလက်ရှိ ဖိုးသား ခံစားနေရတဲ့ စိတ်ဒုက္ခနဲ့ ပတ်သတ်ပြီး…

ဖိုးသား အခု ကျောင်းစာနဲ့ တရား အလုပ်ကြားမှာ ဗျာများ နေရတယ် ဘုန်းဘုန်း… တရားအလုပ်နဲ့ ကျောင်းစာအလုပ် ယှဉ်လာရင် ကျောင်းစာကို လှည့်မကြည့်ဘဲ တရားအလုပ်ကိုသာ လုပ်လိုတဲ့ ဆန္ဒ ဖြစ်လာသလို၊ လုပ်လည်း လုပ်နေမိတယ် ဘုန်းဘုန်း… အဲလို လုပ်လာတာ ကြာတော့ ဖိုးသား ကျောင်းစာနဲ့ သဟဇာတ မဖြစ်တော့ဘူး… ကျောင်းစာဘက်မှာ အားနည်း လာတယ် ဘုန်းဘုန်း…

ဖိုးသား ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆရာတော် သုံးပါးလောက်နဲ့ တိုင်ပင်ဖူးပါတယ်…. ဒါပေမယ့် ဖိုးသား လိုချင်တဲ့ အဖြေ မရသလိုပဲ… ဖိုးသားစိတ်က အဲဒီအဖြေတွေကို လက်မခံချင် တာလည်း ပါမယ် ထင်ပါတယ်… ဆရာတော်တွေ ဆုံးမတာကတော့ ...

ယခုလက်ရှိမှာ ဖိုးသားသည် ကျောင်းသားဖြစ်တဲ့ အတွက် ကျောင်းစာကိုပဲ အဓိက ထားသင့်ကြောင်း၊ ဒီနေရာမှာ အသုံးမကျတဲ့ သူဟာ ဟိုနေရာ ရောက်ရင်လည်း အသုံး မကျတတ်ကြောင်း၊ လုပ်စရာ ရှိတာကိုသာ လုပ်သင့်ကြောင်း၊ ခုချိန်မှာ လုပ်သင့်တာ မလုပ်ရင် နောင်ရေးခက်မယ့် အကြောင်း… စသဖြင့်ပေါ့ ဘုန်းဘုန်းရာ… ဆုံးမကြပါတယ်…

ဆိုးတာက ဆုံးမတုန်းတော့ ဟုတ်သလိုလို ရှိပေမယ့် တကယ်တန်း ကျောင်းစာနဲ့ တရားအလုပ် နှစ်ခုယှဉ်လာတော့ တရားအလုပ်ကို ဦးစားပေးမိ သွားပြန်ရော… အဲဒီတော့ ဒုန်ရင်းက ဒုန်ရင်းပဲ… ဘာမှပိုထူးမလာဘူး ဖြစ်သွားတယ်… ဒီနေရာမှာ တရားအလုပ် ဆိုတာက ဥပမာ… ဖိုးသား စဉ်းစားတာပေါ့နော်… ကျောင်းစာ ကျက်မယ်လို့ စိတ်ကူးလိုက်တဲ့ အချိန်မှာ … အော် ငါ ဘာမဟုတ်တဲ့စာတွေ ကျက်နေတာထက် စာရင် တရားနာတာပဲ ဖြစ်ဖြစ်၊ တရားစာ ဖတ်တာပဲဖြစ်ဖြစ်၊ တရားစာ ရေးတာ တရား ဆွေးနွေးတာပဲ ဖြစ်ဖြစ် ဒါလေးတွေကမှ ငါ့အတွက် အကျိုးရှိမယ်လို့ စိတ်ကူးပြီး ကျောင်းစာကို မလုပ်ဖြစ်တော့တာ များတယ် ဘုန်းဘုန်း… ကျောင်းစာ လုပ်တာက လက်ရှိလောကီ အကျိုးအတွက် တစိတ်တဒေသ အကျိုးပြုပေမယ့် လောကုတ္တရာပိုင်း သံသရာ အတွက်ကျတော့ အကျိုး မပြုတော့ဘူး.. အဲဒီလိုလည်း ဖိုးသား တွေးမိတယ်…

ခုဖိုးသား ဒီရုရှား ရောက်တာ ၆ လနီးပါးရှိပြီဘုန်းဘုန်း… စရောက်ခါစ တစ်လ နှစ်လအတွင်း ဖိုးသား စာလုပ်ချင်စိတ် ရှိသေးတယ်…. ဘယ်အချိန်ကစပြီး မလုပ်ချင်တော့တာလည်း ဆိုတော့ ကိုဝင်းမြင့်နဲ့ စသိ၊ ကိုဝင်းမြင့်ပြောပြတဲ့ တရားလေးတွေ နားထောင်၊ နောက် မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတွေ စနာ.. အဲဒီကစပြီး ကျောင်းစာတင်မဟုတ်ဘူး ကျန်တဲ့ အလုပ်တွေကိုပါ အပိုအလုပ်တွေ၊ အကျိုးမရှိတဲ့ အလုပ်တွေလို့ မြင်ပြီး သိပ်မလုပ်ဖြစ် တော့ဘူး.. လုပ်ဖြစ်ရင်လည်း အားမပါတော့ဘူး ဘုန်းဘုန်း…

ဒီနေရာမှာ ဖိုးသား အကြောင်းလည်း နည်းနည်း ထည့်ပြောဖို့ လိုမယ် ထင်တယ် ဘုန်းဘုန်း… ဖိုးသား ငယ်ငယ်ကတည်းက ကျောင်းစာပိုင်းမှာ မညံ့ခဲ့ပါဘူး ဘုန်းဘုန်း… အတန်းတိုင်းလိုလို အဆင့် တစ်ကနေ ငါးအတွင်း ၀င်ခဲ့တာ ချည်းပါပဲ… တက္ကသိုလ် (တပ်မတော် နည်းပညာ တက္ကသိုလ်) ရောက်တော့လည်း ဒီအဆင့်တွေက လျော့ကျမသွားခဲ့သလို ကျောင်းစာပိုင်းလည်း ဖိုးသား ကြိုးစားမှု မပျက်ကွက်ခဲ့ပါဘူး…

အဲဒါပေမယ့် စပြီး လျော့သွားတာ ရှိတယ်… ဖိုးသား တတိယ နှစ်မှာ… (ဖိုးသားတို့က ငါးနှစ်တက်ရတာ ဘုန်းဘုန်း) .. ဘယ်ကဘယ်လို ကျောင်းစာပိုင်း စလျော့လည်း ဆိုတော့ .. ဖိုးသား အရှင်ဆန္ဒဓိက စာအုပ်တွေနဲ့ စတင်ထိတွေ့ခွင့် ရတဲ့အချိန်က စခဲ့တယ် ဘုန်းဘုန်း… ဆရာတော်ရဲ့ အထုပ္ပတ္တိ၊ ဆရာတော်ရေးတဲ့ တရားစာတွေဖတ်ပြီး ဖိုးသားလည်း အားကျစိတ်တွေ၊ ရဟန်းပြုချင်စိတ်တွေ တဖွားဖွား ပေါ်ခဲ့တာပေါ့… ဒါပေမယ့် ဖိုးသားမှာ အမေအိုကြီး ရှိနေတာက တစ်ကြောင်း၊ တပ်ကလည်း ၀င်ပြီးရင် ပြန်ထွက်ဖို့ကလည်း ခက်ဆိုတော့ ဖိုးသားလုပ်ချင်တာတွေ မလုပ်ဖြစ်ခဲ့ပါဘူး… ဒါပေမယ့် ကျောင်းစာပိုင်း လုပ်မှု၊ ကြိုးစားမှု အနည်းငယ် လျော့သွားတာက လွဲလို့ အဆင့်လည်း အများကြီး ကျသွားတာမျိုး မဖြစ်ခဲ့ပါဘူး… ဖိုးသား ကျောင်းဆင်း တော့လည်း အဆင့်လေးနဲ့ ကျောင်းဆင်းခဲ့ပါတယ်…

နောက်တစ်ချက် ဖိုးသား စိတ်သဘာဝ…
ဖိုးသား အားငယ်တတ်တယ်၊ အားငယ်လွယ်တယ် ဘုန်းဘုန်း… ဒီအားငယ် စိတ်ဟာ မကောင်းဘူးဆိုတာ ဖိုးသား သိလို့ ကြိုးစားပြီး ဖျောက်ပေမယ့် အရှင်း ပျောက်သွားတာမျိုး မရှိခဲ့ဘူး ဘုန်းဘုန်း… ငယ်ငယ်လေး ကတည်းက ဖြစ်ခဲ့တာ အဲဒီစိတ်က…

ဖိုးသားက စိတ်ထဲ ဖြစ်နေတာကို အပြင်ထုတ်ပြောတာ ရှားတယ်.. ကိုယ့်ဟာကိုယ် မြိုသိပ်ပြီးပဲ နေခဲ့တာ များတယ် ဘုန်းဘုန်း… ငယ်ငယ်ကဆို ဖိုးသား သူများနည်းတူ ဖြစ်ချင်တာတွေ ရှိခဲ့ပါတယ်… သူများတွေက ၄ တန်း ၅ တန်းကတည်းက နာရီစပတ်နေပြီ.. ဖိုးသား မပတ်ရဘူး… နာရီပတ်ချင်စိတ်ရှိပေမယ့် အမေနဲ့ အဖေ့ကို သနားတာနဲ့ ထုတ်မပြောခဲ့ဘူး… ၇ တန်းလောက်မှ စပတ်ရတယ်… နောက် သူများတွေက ကျောင်းတက်လို့ အင်္ကျီအဖြူ လက်ရှည်ဝတ်တာ တွေ့တော့လည်း ဖိုးသား ၀တ်ချင်တယ်… ဒါပေမယ့် ဒီဝတ်ချင်စိတ် ကိုလည်း ထုတ်မပြောဘဲ မြိုသိပ်ထားခဲ့တယ်… ခုထိ အဲဒါတွေက မေ့လို့ မရဘူး ဘုန်းဘုန်း… အဲဒါတွေကြောင့် ဖိုးသား သူများနဲ့ယဉ်ပြီး ငါသူများလို မဟုတ်ပါလား ဆိုပြီး အားငယ်စိတ်တွေ ၀င်လာတယ် ထင်တာပါပဲ …။ ကလေးငယ် ဘ၀က စိတ်ဒဏ်ရာ တွေလို့ပဲ ပြောရမယ် ထင်တယ် ဘုန်းဘုန်း…။

ခုဒီမှာ ဖိုးသား နောက်ထပ် ခံစားနေ ရတာက မျက်စိဝေဒနာ.. တအားကြီး မဆိုးရွားသေး ပေမယ့် ညဘက်ဆို သိပ်အားထည့်ပြီး စာလုပ်လို့မရဘူး… တရားစာဖတ်ရင် စာဖတ်နိုင်စွမ်း နည်းသွားတယ်… စာဖတ်ရင်လည်း တရားစာ ဖတ်နိုင်စွမ်း နည်းသွားပြန်ရော… ဘာလို့လည်းဆိုတော့ ဆက်တိုက် မျက်လုံးက အလုပ်လုပ်လို့ မရဘူးဘုန်းဘုန်း.. ခဏခဏ အနားပေးနေရတယ်… ဒီနေရာမှာလည်း ဖိုးသား တွေးမိတာက ဒီမျက်လုံးလေး ကောင်းတုန်း လုပ်သင့်တာတွေ လုပ်ရင်း သာသနာကို အကျိုးပြုသွားမယ်၊ အရေးမပါ အကျိုးမရှိတဲ့ နေရာတွေမှာ ဒီမျက်လုံးကို အသုံးမချ ချင်တော့ဘူး.. ဒီလိုလေးလည်း ဖိုးသားအတွေးမှာ ဖြစ်ပေါ်ပါတယ် ဘုန်းဘုန်း...။

ဒီမျက်လုံး ဝေဒနာရယ်၊ နောက် နာဂစ်တုန်းက ဖိုးသားတို့အိမ် ပါသွားတာရယ်၊ နောက် ဖိုးသားအမေက အသက်ကြီးတော့ တစ်ယောက်တည်း ပစ်ထားခဲ့ရမှာ စိုးရိမ်စိတ် တွေကြောင့် ဖိုးသား ဒီရုရှားမလာဖို့ လူတွေ့ စစ်ဆေးတုန်းက ဆုံးဖြတ်ခဲ့သေးတယ်… အမေနဲ့ အနီးကပ်နေပြီး ပြုစုလုပ်ကျွေးမယ်ပေါ့… ဒါပေမယ့်လည်း လူတွေ့စစ်ဆေးတဲ့ အရာရှိရဲ့ တွန်းအားပေးတဲ့ အားပေးစကား တွေကြောင့် ဖိုးသား ဒီရုရှားကို လာဖြစ်ခဲ့တာပါ…

ဘုန်းဘုန်း သိပြီးသား လားတော့ မသိဘူး.. ဖိုးသားမှာက အဖေမရှိတော့ဘူးလေ.. ၂၀၀၁ ဆယ်လပိုင်း ၁၇ ရက်နေ့က ဆုံးသွားတာ… ဖိုးသား ဘလော့မှာတောင် ရေးခဲ့မိသေးတယ်…။ *တတ်သမျှ ဆပ်ကြရအောင်* ဆိုပြီး…

ဖိုးသားက အခု အသက် ၂၄.. အမေနဲ့ ဖိုးသားက အသက် ၄၀ ကွာတယ်ဘုန်းဘုန်းရ.. အမေက အသက်ကြီးမှ အိမ်ထောင်ကျတာလေ… အဲဒီတော့ ဖိုးသား တပ်က ထွက်ပြီး တကယ်တန်း ရဟန်းပြုမယ် ဆိုရင်တောင် အမေ့အတွက် ထည့်စဉ်းစား နေရသေးတယ်… ဖိုးသားမှာ ဖအေတူ မအေကွဲ အစ်ကိုတစ်ယောက် ရှိတယ် ဆိုပေမယ့် အမေ့ကို စိတ်မချဘူး ဖြစ်နေတယ် ဘုန်းဘုန်း…။

မနေ့က ညကလည်း ဖိုးသား ဆူနာမီ ဆရာတော် အရှင် ဥတ္တမသာရ (http://realenlightenment.org/bio/bur.htm) ရဲ့ ဘ၀ဖြစ်စဉ် အထုပ္ပတ္တိတွေ ဖတ်ပြီး အဲဒီ ဘုန်းဘုန်း လောကီကို စွန့်ခဲ့သလိုမျိုး ဖိုးသားလည်း စွန့်ပြီး ရဟန်းဘ၀နဲ့ တတ်စွမ်းသလောက် သာသနာ ပြုချင်စိတ်တွေ ဖြစ်ပေါ်ခဲ့တယ် ဘုန်းဘုန်း… အဲဒီလို ဖတ်လေ ခုလက်ရှိ ဖိုးသား လုပ်နေရတဲ့ ပညာသင်ကြားမှု၊ ရာထူး ဂုဏ်ဒြပ်၊ ငွေကြေးပိုက်ဆံ ဒါတွေဟာ ဘာမှ မဟုတ်တော့ ပါလားလို့ ခံစားမိပြီး လုပ်ချင်စိတ်တွေ၊ ကျော်ကြားချင်စိတ်တွေ၊ လောကီမှာ လုပ်နေရတဲ့ အလုပ်တွေကို စိတ်ကုန်လေပဲ ဘုန်းဘုန်း… နောက်ပြီး အမေ့ကိုလည်း ရဟန်းဘ၀နဲ့ လုပ်ကျွေးပြုစုလို့ရတာပဲ၊ စားစရာမရှိ ဆွမ်းခံကျွေးမှာပေါ့ ဆိုပြီး ဖိုးသား ကြံရွယ် မိပြန်တယ် ဘုန်းဘုန်း..။

ဒါပေမယ့် ခုလက်ရှိ ဖိုးသားတို့က ၆ လနီးပါးပဲ ရှိသေးတော့ ပညာသင်ဖို့က ၂ နှစ်ခွဲ နီးပါးလောက် ကျန်သေးတယ် ဘုန်းဘုန်း… အဲဒီ အကြောင်းတရား တွေကလည်း ဖိုးသားစိတ်ကို ဒွိဟဖြစ်စေတယ် ဘုန်းဘုန်းရာ… ဟိုဟာ လုပ်ရမလိုလို၊ ဒီဟာ လုပ်ရမလိုလို ဖြစ်နေတယ် ဘုန်းဘုန်း.. ဟိုဟာ ဒီဟာဆိုတာ လောကီ ပညာရေးပိုင်းနဲ့ လောကုတ္တရာ ပိုင်းပါ.. ဖိုးသား အကျင့်ကလည်း တစ်ခုလုပ်ပြီဆို နောက်တစ်ခုကို စိတ်မ၀င်စား၊ လုပ်ချင်စိတ် မရှိတာ ဆိုးတယ် ဘုန်းဘုန်း… လုပ်လို့လည်း မရဘူး ဖြစ်နေတယ်…၊ ဖိုးသား လိုနေသေးတာပဲ ထင်ပါတယ်…။

နေ့စဉ် လုပ်ကိုင် ဆောင်ရွက်တဲ့ နေရာမှာ တရားနဲ့ လုပ်လို့ရတယ် ဆိုတာကိုလည်း ဖိုးသား သိထားပေမယ့်… ဖိုးသား စိတ်ကိုပဲ မနိုင်တာလား၊ လောကီအလုပ်တွေ လုပ်ရင် ဖိုးသားစိတ်ကပဲ လုပ်ချင်စိတ် ကုန်နေတာလား၊ ဖိုးသား စိတ်ကိုပဲ ဖိုးသား လှည့်စားနေတာလား သေချာမသိဘူး ဘုန်းဘုန်း၊ တစ်ခုခု ဖြစ်နေတာတော့ ဖိုးသား သိတယ်…

ဖိုးသား ဘာလုပ်သင့်သလဲ ဘုန်းဘုန်း… ကိုယ့်အလုပ် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမယ် ဆိုတာ ဖိုးသားသိပေမယ့် အားငယ်စိတ်တွေ ၀င်လာတဲ့ အချိန် ဆုံးဖြတ်နိုင်စွမ်းတွေ နည်းနည်းသွားတယ် ဘုန်းဘုန်းရာ… အဲဒါကြောင့် ခုလို ဘုန်းဘုန်းကို ထုတ်ဖော်ပြောပြ တိုင်ပင်လိုက်ရခြင်းပါ…

ဒီစာကြောင့် ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်အချိန်တွေ ထိခိုက်ခဲ့ရင် တောင်းပန်ပါရစေ ဘုန်းဘုန်း…

ဖိုးသား ရိုသေစွာ ဦးခိုက်လိုက်ပါတယ်…။ ဘုန်းဘုန်းကျန်းမာပါစေ။


ဘုန်းဘုန်းရဲ့ အကြံဉာဏ် ကောင်းများကို မျှော်လင့်လျက်
ချစ်တပည့်
ဖိုးသား

3/16/2009 10:42:45 PM

**************************
ဒီစာဟာ စာဖတ်သူတို့ အတွက် အကျိုးရှိချင်လည်း ရှိမယ်၊ အကျိုး ရှိချင်မှလည်း ရှိပါလိမ့်မယ်…။ ဒါပေမယ့် ကျွန်တော့်လို စိတ်ဒွိဟ ဖြစ်နေသူများ၊ လောကီမှာ နေပြီး မပျော်မွေ့သူများ အတွက်ပါ ရည်ရွယ်၍ ဤစာအား ဘလော့ စာမျက်နှာပေါ်သို့ တင်လိုက်ရ ခြင်းပါ။ ဘုန်းဘုန်းတွေထံမှ အကြံဉာဏ်ကောင်းများ ရခဲ့ရင် ကျွန်တော် ဆက်လက် ဖော်ပြသွားပါ့မယ်…။

စာဖတ်သူတို့ရဲ့ အကျိုးကို အစဉ် မျှော်ကိုးလျက်
ဖိုးသား

3/16/2009, MON:, 10:48:49 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

9 comments

  1. မင်္ဂလာပါ ...ဖိုးသား..
    ဖိုးသား သိတဲ့အတိုင်းပဲ ဘုန်းဘုန်းက တစ်ခြားဘလောဂ်တွေမှာ မှတ်ချက် သိပ်မရေးဖြစ်ဘူး။ ခုဟာက ဘုန်းဘုန်း ပို့စ်လေးတွေ ရေးတိုင်း မှတ်ချက် လာလာရေးပေးတဲ့ ဖိုးသား ဖြစ်တဲ့အတွက် လာရေးဖြစ်တာ။
    ဘုန်းဘုန်းအတွေ့ အကြုံလေးတစ်ခု ပြောပြမယ်။ ဘုန်းဘုန်း ကိုရီးယားတွေကို တရားဟောနေတာ ဖိုးသားလည်း သိမှာပါ။ တစ်ခါတော့ တရားပွဲအပြီး မေးခွန်းတွေ မေးကြတော့ မေးတဲ့သူတွေ ထဲမှာ ခပ်ငယ်ငယ် ဒကာမလေးတစ်ယောက်က ဘာမေးလဲဆိုတော့ သူတရား အားထုတ်ရင်း တရားအလုက်တွေမှာ အရမ်းသဘော ကျသွားလို့ တရားပဲ အားထုတ်ချင်စိတ်တွေ ဖြစ်မိကြောင်း၊ အလုပ်ကလည်း တစ်ဘက်ရှိနေကြာင်း၊ သူ့စိတ်ကတော့ အလုပ်ထွက်ပြီး တရားပဲ အားထုတ်ချင်စိတ် ဖြစ်နေကြောင်း အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲ ဆိုပြီး မေးလာပါတယ်။
    ဘုန်းဘုန်း အြံ့ပြုလိုက်တာကတော့ ``တရားအားထုတ်ချင် စိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် တရားအားထုတ်တဲ့အခါ တစ်ခါတမ်း ဒီဘ၀အရိယာဖြစ် သောတာပန်ဖြစ်သွားရင်တော့ အားလုံးကို စွန်ပြီး လုပ်ထားကောင်းပေမယ့် အဲလိုမဟုတ်ဘဲ အားထုတ်တဲ့အချိန်မှာ ခံစားရတဲ့ သမာဓိနိမိတ်လေးတွေ အပေါ်မှာ သာယာပြီး ဒါတွေလောက်နဲ့ပဲ အချိန်ကုန်စေခဲ့မယ်ဆိုရင်... နောက်တစ်ချက်က တရားအားထုတ်တဲ့အခါမှာလည်း အသက်ရှင်ရပ်တည်ဖို့ စားသောက်ဖို့အတါက်က လိုအပ်ပြန်သေးတဲ့ အတွက် ကိုယ့်မှာ အလုပ်မလုပ်ဘဲ စားသောက်နိုင်အောင် ပြည့်စုံတယ်ဆိုရင် အလုပ်ထွက်ပြီး တရားအားထုတ်နိုင်ကြောင်း အဲလိုမှ မဟုတ်ရင်တော့ အလုပ်လုပ်ရင်း တရားအားထုတ်တာ ပိုသင့်ကြောင်း အချိန်ကန့်သတ်ပြီး လုပ်သင့်ကြောင်း၊ တရားဆိုတာ ပေါ်ရာပေါ်ရာ သတိကပ်ရှုမှတ်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာလည်း သတိနဲ့ နေနိုင်ကြောင်း စသဖြင့် ဖြေကြားပေးလိုက်ပါတယ်။ ပြောချင်တာက ဖိုးသားလည်း စိတ်တွေ ဒွိဟမဖြစ်ဘဲ လက်ရှိအချိန်ကိုသာ လုပ်ရမယ့်အလုပ်ကို ပြီးအောင် လုပ်ပြီး နောင်မှသာ ကျန်တဲ့ကိစ္စတွေ စဉ်းစားတာ ကောင်းပါတယ်။ အချိန်ဇယားလေးဆွဲပြီး လုပ်ပေါ့။ ကျောင်းစာလုပ်ချိန်နဲ့။ တရားအားထုတ်ချိန်ရယ်လို့ပေါ့...

    အော်..ဖိုးသားရေး.. ကြုံတုန်း အကြံပြုလိုပါတယ်။ တစ်ခြား မဟုတ်ပါဘူး... ဘုန်းကြီးတွေအပေါ် သုံးတဲ့ အသုံးအနှုနှုံးလေးတွေပါ။ ဒါတွေဟာ ပညတ်တွေဆိုပေမယ့် တစ်ချို့က အဲလို မတွေးတတ်ကြပါဘူး။ ဥပမာ ဘုန်းဘုန်းတွေထံ ပေးတဲ့ စာတွေမှာ ဆိုရင်... ဘုန်းဘုန်းရာ.. ဘုန်းဘုန်းရ... ဆိုတဲ့ အသုံးလေးတွေဟာ ရင်းနှီးမှုအနေနဲ့ သုံးလိုက်တဲ့ ပုံစံမျိုး ဆိုပေမယ့် သူငယ်ချင်းဆန်တဲ့ အသုံးလေးတွေလို ဖစ်နေပါတယ်။ ဘုရား..လေးတွေထဲ့ပြီးသုံးရင်ပိုကောင်းမလားပေါ့.. ပြီးတော့ ဘုန်းဘုန်းကောသလ္လ၊ ဘုန်းဘုန်းကုမာရ၊ ဘုန်းဘုန်းဝိစိတ္တ စတဲ့ အသုံးလေးတွေမှာလည်း ဦးလေးတွေထဲ့ပြီး ဘုန်းဘုန်းဦးကောသလ္လ၊ ဘုန်းဘုန်းဦးကုမာရ စသည်ဖြင့် သုံးပေးနိုင်ရင် ပိုပြီးသင့်လျှော်မလားလို့ပါ... ထားပါတော့... မှတ်ချက်လည်း ရှည်သွားပြီး... ဒါနဲ့စကားမစပ် ဖိုးသား မကြာမကြာ ဆုတောင်းပေးသလို ဘုန်းဘုန်းကျန်းမာပါစေ ဆိုတဲ့ ဆုတောင်းဟာ ခု ဖြစ်မှပဲ... ပြိုီ့း အရေးကြီးမှန်း သိလာတော့တယ်... ဘုန်းဘုန်းလည်း ဒီလာမယ့် ကြာသပတေးနေ့ကနေ စနေနေ့အထိ ဆေးရုံတက်ရမယ်။ အရမ်းစိုးရိမ်စရာတော့ မရှိပါဘူး။ ခွဲစိပ်ရုံလောက်ပါပဲ... ဒါကြောင့် ကျန်းမာအောင်လည်း နေပေါ့...
    မေတ္တာဖြင့် ...
    ဘုန်းဘုန်း

  2. လှူသင့်တဲ့ နေရာတွေကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ ရှာဖွေဖော်ပြပေးတဲ့အတွက် ကျွန်တော့်အပေါ် ကျေးဇူးရှိတဲ့ ညီငယ် ဖိုးသား

    မြတ်စွာဘုရားကို ဒီဘွဲ့နဲ့ ကျေးဇူးဆပ်မယ်လို့ ဆုံးဖြတ်ပြီး ယူစရာ ရှိတဲ့ ဘွဲ့လွန်ကို ထူးထူးချွန်ချွန်နဲ့ ပြီးအောင် ယူလိုက်စေချင်ပါတယ်။ အလသဿ အချည်းနှီး မဖြစ်ဘူး၊ ကုလိုလ်ရေးမှာ အထောက်အပံ့ ဖြစ်မယ်လို့ ကျွန်တော် မြင်တယ်။

    ဆရာတော်တွေ ပြောတာလဲ မှန်တယ်လို့ မြင်ပါတယ်။

  3. ဖိုးသားစာကိုဖတ်ပြီးစိတ်ထဲမှာမကောင်းဘူး
    ဘ၀တူခြင်းမို့ (လောကီမှာမပျော်တာ)
    သာသနာ့ဘောင်ထဲဝင်ရင်တော့ဖိုးသားဘ၀အေးချမ်း
    သွားမယ်လို့ ထင်မိပါတယ်။ မိဘကျေးဇူးကိုရဟန်းဝတ်နဲ့ 
    ဆပ်တာကပိုပြီးမြင့်မြတ်မယ်လို့ ထင်တယ်။ အရှင်ဆန္ဒာဒိ
    ကလို။ အရှင်ဥပဂုတ္တရဟန္တာလိုမျိုးပေါ့။ ဖိုးသားရဲ့ ဘဝ
    ကိုမြင့်မြတ်စေမှာကတော့ ရဟန်းဘ၀ပဲလို့ ယူဆပါတယ်။
    အမလည်းငယ်ငယ်ကသာသနာ့ဘောင်ထဲအရမ်းဝင်ချင်ခဲ့
    တယ်
    သေချင်းတရားဆိုတာအချိန်မရွေးရောက်လာနိုင်တာမို့ 
    မသေခင်တရားအားထုတ်ပြီးရသလောက်အချိန်မှာ
    တရားရှာပြီးတဆင့်ထက်တဆင့်တက်နိုင်အောင်
    ကြိုးစားတာဘ၀အတွက့်တကယ့်တန်ဘိုးရှိလိမ့်မယ်လို့ 
    ထင်ပါတယ်။ နောက်တခုက ရဟန်းဘ၀မှာတကယ်
    တရားရှာတဲ့ပုဂ္ဂိုလ်ဆိုရင် စားစရာသောက်စရာ
    နေစရာထိုင်စရာအစရှိသဖြင့်ဘာမှထွေထွေထူးထူး
    ပူပင်မနေပါဘူး။အရာရာအားလုံးဟာ တရားသဘော
    တွေချည်းပဲလို့ မှတ်ယူပါတယ်။ ဖိုးသားကိုတခုပြော
    ချင်တာကအဲလိုတရားထိုင်ချင်စိတ်တွေပဲဖြစ်ပေါ်လာ
    တယ်ဆိုတာဟာဘ၀အဆက်ဆက်ကဖိုးသားလုပ်ခဲ့
    တဲ့ပါရမီတွေဆိုက်ရောက်လာလို့ အခုလိုမျိုးစိတ်တွေ
    ဖြစ်လာတာ အဲဒီပါရမီအလင်းရောင်လေးကိုအပျောက်
    မခံလိုက်ပါနဲ့ ။ဖိုးသားကိုရဟန္တာဖြစ်သွားတဲ့စွန်းလွန်း
    ဆရာတော်ဦးက၀ိအကြောင်းဖတ်စေချင်တယ်။
    ဖိုးသားဖတ်ရင်အကျိုးထူးမယ်လို့ ထင်တယ်။
    ခင်မင်စွာဖြင့်,

  4. လျှောက်နေတဲ့ လမ်းကလဲ ခရီးရောက်ဖို့ နှစ်နှစ်ခွဲပဲ လိုတော့တာဆိုတော့ တောင့်ပြီး ကြိုးစားလိုက်ရင် မကြာပါဘူး။
    အရှင်ဆန္ဒာဓိက ၁၀တန်းမှာ တစ်ပြည်လုံး ဒုတိယ ရခဲ့တာက ဒကာဒကာမတွေအပေါ် သာသနာ ပြုရာမှာ အများကြီး တာသွားတယ်။ ဂုဏ်လုပ်ဖို့ မဟုတ်ပေမယ့် ပုထုဇဉ်တွေရဲ့ အသိအမှတ် ပြုမှုကို ရတော့ သူတို့အကျိုး လုပ်တာ ဟောပြောတာမှာ ပိုအဆင်ပြေပါတယ်။
    ရဟန်းဝတ်ရင်လဲ အခြေပြု မူလတန်း၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပြီးရင် အနည်းဆုံး ဓမ္မာစရိယ အောင်အောင် ဖြေမှ ဖြစ်မှာဆိုတော့ ကျောင်းစာတွေ စာမေးပွဲတွေက ကြုံနေရဦးမှာပဲ။ အရှင်ဆန္ဒာဓိက ရဟန်းဝတ်တော့ အခု ကိုဖိုးသားလို တရားအရမ်းတက်နေတဲ့ အချိန်မှာ .... ဒါတွေ မလုပ်ချင်ဘူး၊ တရားပဲ အားထုတ်နေချင်တယ်ဆိုတော့ ဆရာတော်ကြီး တစ်ပါးက ဓမ္မာစရိယ အောင်အောင်ဖြေဖို့ တိုက်တွန်းတာနဲ့ ပြီးအောင် ဖြေရတယ်တဲ့။
    ဒီနှစ်နှစ်ခွဲ သည်းခံလိုက်ရင် ဒီထက်မက သာသနာ့အကျိုး ဆောင်နိုင်မှာပါ။
    တရားအရမ်းတက်နေတဲ့အချိန် ဒီလို ဖြစ်တတ်တာ သဘာဝပါ။ မဇ္ဈိမပဋိပဒါ ကျအောင် စိတ်ကို ညှိပေးစေချင်ပါတယ်။
    အရဟတ္တဖိုလ် မဆိုက်သေးခင်မှာ ဘယ်လောက်ကြာကြာ အားထုတ်ရမလဲ မသိသေးတော့ ဒီကြားထဲ လောကဓံ အချိုးအကွေ့တွေကလဲ ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ဘဝမှာ ကြုံရနိုင်တော့ ပညာရေးကို ဖြည့်ခွင့်ရတုန်း ပြီးအောင် ဖြည့်လိုက်တာ မမှားပါဘူး။
    သီဟ စစ်သူကြီးတို့၊ အဘယ မင်းသားတို့ သာသနာ့ဘောင် ဝင်တော့ ဒီလိုလူ့ဘဝမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေအောင် ရဟန်းပြုတယ်ဆိုပြီး တရားအခံ နည်းသေးတဲ့ သာမန်လူတွေပါ သာသနာကို လေးစားရမှန်း ပိုသိသလိုပေါ့။
    ဘုရားလက်ထက်တော်ကတော့ ရက်ပိုင်းလပိုင်းအတွင်း အရဟတ္တဖိုလ်ဆိုက်အောင် တရားပြပေးနိုင်တဲ့ မြတ်စွာဘုရား ရှိနေတော့ ချက်ချင်းဝတ်တာ ကောင်းပါတယ်။
    ခုဟာက လျှောက်ရမယ့်လမ်းက မြန်မြန်ပြီးမလား အချိန်ယူ လျှောက်ရမလား ကံသေကံမ မပြောနိုင်သေးတော့ ပညာရေး ပြီးအောင် လုပ်စေချင်တယ်။
    အခု အင်တာနက်ကနေ သာသနာပြုနေတာတွေကလဲ အများကြီး အကျိုးရှိပါတယ်။ ဒါတွေက မဂ်ဖိုလ်နိဗ္ဗာန်ကို သေချာပေါက် အထောက်အပံ့ ပေးမှာပါ။
    ရဟန်းပြုရင်လဲ အခု လုပ်ထားတဲ့ အွန်လိုင်း သာသနာပြု လုပ်ငန်းမှာ အားစိုက်ခဲ့တဲ့ ကုသိုလ်စေတနာ ပထမဇောတွေက ဒီဘဝမှာပဲ အကျိုးပေးပါလိမ့်မယ်။
    လောကီ ပညာရေးကို စိတ်မပါ ညည်းငွေ့နေရင် ကိုယ်ပြုခဲ့ပြုဆဲ ကုသိုလ်ကောင်းမှုတွေအပေါ် ပီတိစိတ်ကို ပွားယူပြီး ညည်းငွေ့တဲ့ စိတ်ကို ဖယ်ရှားနိုင်ပါတယ်။
    တရားရှုမှတ်ရင်း အာဒီနဝဥာဏ်၊ နိဗ္ဗိဒါဥာဏ်များ တက်နေတဲ့ အချိန်မှာလဲ ဒီလို လောကီကို စိတ်ကုန်ခန်းစိတ်၊ ညည်းငွေ့စိတ်များ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
    ညည်းငွေ့စိတ်ကို ပီတိပဿဒ္ဓိများနဲ့ ဖယ်ရှားစေချင်ပါတယ်။ အထူးသဖြင့် ဒါနကောင်းမှုက ရတဲ့ ပီတိဟာ ညည်းငွေ့စိတ်ကို ပယ်ပြီး လိုအပ်တဲ့ ဝါယမ ခွန်အားများ မွေးပေးနိုင်ပါတယ်။

  5. ဒုက္ခပါပဲဖိုးသားရေ...ဆရာများလို့ သားသေမဲ့ကိန်းဆိုက်
    နေပါရောလား။ ကိုဝင်းမြင့်တို့ ကကျမ်းဂန်တတ်စာတတ်
    ပေတတ်ကြီးတွေဆိုတော့အကြံပေးချက်တွေကလည်းများ
    ပါပေ့။ ဒီလောကကြီးမှာကလည်းအဆောင်အယောင်တွေ
    ကသိပ်များနေတော့ ဘုန်းကြီးဖြစ်တာတောင်မှပဲ ဘွဲ့ ရ
    ပညာတတ်ဘုန်းကြီးမှလူရာသွင်းချင်ကြတယ် ပြီးတော့
    ပစ္စည်းဥစ္စာကလည်းပြည့်စုံရဦးမယ်။ အော်...လူတွေ
    သာမာန်လူတွေတွေးတဲ့အတွေးကနေပိုပြီးမတွေးတတ်
    ကြတော့ဘူးထင်ပါရဲ့ ။ မိမိရဲ့ ခန္ခာကိုယ်ကြီးကိုထာဝရ
    ပိုင်ဆိုင်ထားကြမယ်များမှတ်နေကြသလားတော့မပြော
    တတ်ဘူး။ ဒီနေ့ အသက်ရှိနေပေမဲ့နောက်နေ့ ကျရင်
    လောကကြီးမှာမရှိနိုင်တော့ဘူးဆိုတာမေ့နေကြလေ
    ရော့သလား။ ဒါကြောင့်လည်းမြတ်စွာဘုရားရှင်က
    ရင်ဝလှန်စူး ဦးခေါင်းမီးလောင်နေတာတောင်မှပဲ
    တရားကျင့်ကြံရမယ်လို့ ပြောခဲ့တာ လူသာမာန်တွေ
    မသိနိုင်ဘူးထင်ပါရဲ့။ ဘွဲ့ တွေဒီဂရီတွေရချိန်ထိသေ
    ချင်းတရားကိုစောင့်ခိုင်းထားလို့ ရရင်ကောင်းတန်ပါ
    ရဲ့ နော်။ တရားမရပဲသေသွားရင် ငရဲတရိစ္ဆာန် ပိတ္တာ
    အသူရကယ် အပါယ်လေးဘုံကြီးကစောင့်ဆိုင်းနေတာ
    ဘွဲ့ တွေဒီဂရီတွေရဖို့ လုပ်နေတာနဲ့ အချိန်ကုန်သွား
    ခဲ့တာကိုး။ မကြာသေးခင်ကပဲဖိုးသားရေးတဲ့စာလေး
    တခုဖတ်လိုက်ရသေးတယ် တယောက်ထဲကြွက်တက်
    ပြီးဖိုးသားတယောက်ဒုက္ခရောက်နေတာ ဘယ်သူများ
    လာကယ်နိုင်လို့ လဲ ဖိုးသားတတ်ထားတဲ့ပညာလည်း
    ဖိုးသားကိုမကယ်နိုင်ဘူး ဖိုးသားချစ်တဲ့အမေလည်းဖိုး
    သားကိုမကယ်နိုင်ဘူး သြ၀ါဒဆရာကြီးတွေလည်း
    ဖိုးသားကိုမကယ်နိုင်ဘူး ကိုယ့်ကိုယ်ကိုကယ်ရမှာ။
    Death doesn't wait you to be ready
    ဆိုတဲ့ဆောင်ပုဒ်ကလေးကိုမမေ့ပါနဲ့ ။

    (အမမှာသိပ်ချစ်တဲ့မောင်လေးတယောက်ရှိခဲ့တယ်
    အခုသူလောကကြီးမှာမရှိတော့ပါဘူး သူတတ်တဲ့
    ပညာတွေနဲ့ အတူသူ့ ဇနီးနဲ့ သမီးလေးကိုထား
    ခဲ့ပြီးထွက်သွားလေရဲ့ သေချင်းတရားကသူ့ ကို
    မညှာမတာရက်ရက်စက်စက်သူချစ်တဲ့သူတွေအားလုံး
    နဲ့ ခွဲခွာလိုက်ပါတယ်)
    ချမ်းမြေ့ပါစေဖိုးသားရေ...

    (အမအနေနဲ့ ဖိုးသားကိုသိပ်ခင်လို့ အခုလိုပြောတဲ့
    အထဲမှာအမှားများပါခဲ့ရင်ခွင့်လွှတ်ဖို့ တောင်းပန်တယ်
    နော်။)
    ခင်မင်စွာဖြင့်,

  6. အထက်က အစ်မ ဆိုတဲ့ အမျိုးသားလား အမျိုးသမီးလား မသေချာသူဟာ ချောက်တွန်းချင်တဲ့ စေတနာ အပြည့်ပါနေတာ ဖတ်ရင်း မြင်နေရတယ်။ ကိုဖိုးသားကို အပြိုင်အဆိုင် မလိုတမာစိတ် ရှိသူများလား။ အမြင်ကပ်ကပ်နဲ့ လာချောက်တွန်းတဲ့ ဗုဒ္ဓဘာသာကို ကြည့်မရဆုံး ဘာသာက လူတစ်ယောက်လဲ ဖြစ်နိုင်ပါတယ်။

    “ဒီနေ့ အသက်ရှိနေပေမဲ့နောက်နေ့ ကျရင်
    လောကကြီးမှာမရှိနိုင်တော့ဘူးဆိုတာမေ့နေကြလေ
    ရော့သလား”
    နက်ဖြန် ခင်ဗျား သတ်သေတော့မှာ သေချာလား အစ်မဆိုတဲ့ နောင်ကြီးရာ။

    “ဒါကြောင့်လည်းမြတ်စွာဘုရားရှင်က
    ရင်ဝလှန်စူး ဦးခေါင်းမီးလောင်နေတာတောင်မှပဲ
    တရားကျင့်ကြံရမယ်လို့ ပြောခဲ့တာ လူသာမာန်တွေ
    မသိနိုင်ဘူးထင်ပါရဲ့”
    မြတ်စွာဘုရား ဘယ်မှာ ဒီစကား ပြောခဲ့လို့လဲ။ ခင်ဗျား ရင်ဘတ် လှံနဲ့ပြန်ထိုးပြီး ခေါင်း မီးနဲ့ ပြန်ရှို့ကြည့်။ မီးလောင်နေတဲ့ ဦးနှောက်နဲ့ တရားအားထုတ်လို့ ရမရ သိချင်ရင်။ ကျုပ်တို့ ဗုဒ္ဓဘာသာက ဦးနှောက်မရှိဘဲ တရားအားထုတ်လို့ မရဘူး။

    “ဖိုးသားတတ်ထားတဲ့ပညာလည်း
    ဖိုးသားကိုမကယ်နိုင်ဘူး ဖိုးသားချစ်တဲ့အမေလည်းဖိုး
    သားကိုမကယ်နိုင်ဘူး သြ၀ါဒဆရာကြီးတွေလည်း
    ဖိုးသားကိုမကယ်နိုင်ဘူး ကိုယ့်ကိုယ်ကိုကယ်ရမှာ။
    Death doesn't wait you to be ready
    ဆိုတဲ့ဆောင်ပုဒ်ကလေးကိုမမေ့ပါနဲ့ ”

    ဒီလောက် တရားပေါက်နေတယ်ဆို ခင်ဗျားကျတော့ ဘာလို့ လူဝတ်ကြီးနဲ့ နေတာလဲ နောင်ကြီးရာ။ ခင်ဗျား အရင် သင်္ကန်းဝတ်ပြပါလား။ (ဗုဒ္ဓဘာသာ အမျိုးသမီးယောင်ဆောင်ပြီး မိန်းမအမည်နဲ့ ပေါက်ကရတွေ ရေးနေကျ ဘာသာခြားငနဲ ဖြစ်ကောင်းဖြစ်နိုင်လို့ သီလရှင် ဝတ်ပါလား မသုံးတာ။ ဘာသာတူထဲကပဲ မနာလိုစိတ် များတဲ့လူလဲ ဖြစ်နိုင်တယ်)

    “သေချင်းတရားကသူ့ ကို
    မညှာမတာရက်ရက်စက်စက်သူချစ်တဲ့သူတွေအားလုံး
    နဲ့ ခွဲခွာလိုက်ပါတယ်”
    ခင်ဗျားစာအစမှာ တင်ထားသလို တရား အရမ်းပေါက်နေတဲ့သူဆို ဒီလို မြီးကောင်ပေါက် ရည်းစားစာထဲက ကလေးကလား စကားလုံးတွေ မသုံးမှာ အရမ်းသေချာတယ်။

    “ကိုဝင်းမြင့်တို့ ကကျမ်းဂန်တတ်စာတတ်
    ပေတတ်ကြီးတွေဆိုတော့အကြံပေးချက်တွေကလည်းများ
    ပါပေ့”

    ဒါကိုက သူတော်ကောင်း စကားအသုံးအနှုန်း မဟုတ်ဘဲ သူယုတ်မာတွေရဲ့ ငေါ့သုံးထေ့သုံး ဖြစ်နေတယ် အစ်မ ဆိုတဲ့ အထီးရဲ့။ ကိုဝင်းမြင့် အကြံပေးတာက ကျုပ် ဖတ်မိတာ တစ်ခုတည်းပါ။ ပညာရေးနဲ့ တရားဓမ္မနှစ်ခု မျှမျှတတ လုပ်ဖို့ပဲ။ အကြံပေးချက် မများပါဘူး။ ကျောင်းကနေ ခု ထွက်သွားအောင် ခင်ဗျားလို ချောက်မတွန်းတာ တစ်ခုပဲ။

    “တရားမရပဲသေသွားရင် ငရဲတရိစ္ဆာန် ပိတ္တာ
    အသူရကယ် အပါယ်လေးဘုံကြီးကစောင့်ဆိုင်းနေတာ
    ဘွဲ့ တွေဒီဂရီတွေရဖို့ လုပ်နေတာနဲ့ အချိန်ကုန်သွား
    ခဲ့တာကိုး”
    အဲဒီလေးဘုံက ခင်ဗျားလို ချောက်ချတတ်တဲ့ သူယုတ်မာအတွက်ပဲ စောင့်နေမှာပါ။ ဖိုးသားက တရားအားထုတ်တာရော၊ တခြား ကုသိုလ်ကောင်းမှုရော သူ့ဟာသူ ခရီးရောက်ပြီးပါပြီ။ တရားမရဘဲ သေသွားလဲ ဒါန သီလရှိတဲ့လူဆို ဗုဒ္ဓဘာသာ မဟုတ်တောင် ကောင်းရာသုဂတိ လားတယ်ဆိုတာ ကျုပ်တို့ဘာသာမှာ ဟောထားတယ်ဗျ။

    “တယောက်ထဲကြွက်တက်
    ပြီးဖိုးသားတယောက်ဒုက္ခရောက်နေတာ ဘယ်သူများ
    လာကယ်နိုင်လို့ လဲ ”
    မကယ်တော့ လာဖြစ်လဲ။ ကျုပ် နေမကောင်းလဲ ဒီလိုပဲ။ ဘယ်သူ့မှ အပြစ်ပြောစရာ မရှိဘူး။ ကိုယ်နေကောင်းရင် သူများအကျိုး တတ်နိုင်တာ လုပ်ပေးမယ်၊ နေမကောင်းရင် လှဲနေလိုက်မယ်။ ဘာဖြစ်လဲ။ ဘုန်းကြီးဝတ်တာနဲ့ ကြွက်တက်တာ တစ်ခြားစီပဲ။

    ရဟန်းပြုတာ မွန်မြတ်ပါတယ်။ မြတ်မှန်းသိလို့လဲ သံဃာတွေကို ရှိခိုးဦးချကြ၊ ဆွမ်းကပ်ကြ လုပ်နေတာပေါ့။ ခုလဲ မပြုနဲ့ တားနေတာ မဟုတ်ပါဘူး။ အချိန်အခါ မသင့်သေးဘူးထင်လို့၊ လက်ရှိ တို့လို့တန်းလန်း ဖြစ်နေတဲ့ ပညာရေးကို ဆုံးအောင် ခရီးဆက်ဖို့ ဝိုင်းအကြံပေးကြတာပါ။
    အရှင်ဆန္ဒာဓိကလဲ မိဘတွေက ၁၀ တန်းပြီးအောင် ဖြေစေချင်တဲ့ ဆန္ဒကို လိုက်လျောပြီးမှ သာသနာ့ဘောင် ဝင်တာပဲ။ တက္ကသိုလ် ဆက်မတက်တော့မှာ သေချာတာတောင် တစ်ပြည်လုံး ဒုတိယ ရအောင် ကြိုးစားလိုက်သေးတယ်။ ဒီလို ကြိုးစားတဲ့ အခံ ပါလာလို့လဲ အရှင်ဆန္ဒာဓိက ကိုရင်ဝတ်တော့ စာပြန်ပွဲမှာ ပထမ ရပြီး သာမဏေကျော် ဖြစ်၊ ဓမ္မာစရိယလဲ မြန်မြန်ရတာပေါ့။

    ရဟန်းပြုချင်တဲ့ စိတ်မျိုးက နိက္ခမပါရမီ အားကောင်းလာတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တာ လူတိုင်း ဖြစ်တာမှ မဟုတ်ပဲ။ အားကျစရာ ကောင်းပါတယ်။ လက်ရှိ ပညာရေးက တစ်ပိုင်းတစ်စ ဖြစ်နေလို့ပါ။ ပညာသင်ယူဆည်းပူးတဲ့ ဥာဏ်က ကိုဝင်းမြင့် ပြောသလို တရားအားထုတ်ရင်လဲ အထောက်အပံ့ဖြစ်မှာပါ။

  7. ဖိုးသားရေ..ကွန်မန့် တွေဖတ်ပြီးစိတ်ရှုပ်သွားလားမသိ
    ဘူး။ လောကကြီးမှာလူအမျိုးမျိုးစိတ်အထွေထွေရှိတတ်ကြ
    တယ်။ကိုယ်လိုရာဆွဲတွေးပြီး ကိုယ့်စိတ်နဲ့ နှိုင်းမရိုင်းဆို
    သလို တဖက်သတ်စော်ကားတတ်ကြတာ TZN ဆိုသူ
    ရဲ့ စာကိုဖတ်ပြီးမှပိုသိလာရပါတယ်။ အသိလေးတခုရသွား
    လို့ ကျေးဇူးပါ။ ကမ္ဘာကြီးရဲ့ တဖက်ခြမ်းမှာနေပြီးဖိုးသား
    ကိုမနာလိုဖြစ်နေတာဟာ ဘာလနံ တယောက်ရဲ့ အသုံး
    မကျမူ့ တခုသာဖြစ်ပါလိမ့်မယ် အမတော့မဟုတ်ပါဘူး။
    မိဘမောင်နှမတွေနဲ့ ဝေးပြီးကမ္ဘာတဖက်ခြမ်းမှာနေနေ
    ရတာမို့ ကိုယ်ချင်းစာမိ ခင်မင်မိတာကကကြောင်း
    နောက်ပြီးဖိုးသားကစကားပြောရင်အရမ်းယဉ်ကျေး
    တယ် ရင်ထဲရှိတာကိုမလိမ်မညာပဲပြောတတ်တဲ့
    ရိုးသားမူ့ ရှိတာရယ် အသက်ငယ်ငယ်နဲ့ တရား
    အကြောင်းတွေလည်းအရမ်းသိပြီး သူတပါးကိုလည်း
    ပြန်ပြီးမျှဝေတတ်တဲ့မြင့်မြတ်တဲ့စိတ်လည်းရှိတယ်
    ဂါရ၀တရားလည်းရှိတယ် မိမိကိုယ်ကိုနှိမ်ချပြီး
    ရိုရိုသေသေဆက်ဆံတတ်တယ် ဒါကြောင့်ဖိုးသား
    ကိုခင်တယ်။ မှန်တာပြောရင်သစ္စာလို့ ဘုရားရှင်က
    ဟောကြားထားခဲ့ပါတယ်။ အခုလိုအမှန်ပြောရတဲ့
    သစ္စာစကားကြောင့် ဘ၀အဆက်ဆက် ဖိုးသားတို့ 
    လိုသူတော်ကောင်းတွေနဲ့ ပဲတွေ့ ရပါလို၏။
    ခင်မင်စွာဖြင့်,

  8. ဖိုးသား
    March 17, 2009 at 11:56 AM

    မင်္ဂလာပါ ကို TZN နဲ့ အစ်မတို့ရေ...

    ဖိုးသား အပေါ်စေတနာတွေနဲ့ အခုလို အကြံပေး လမ်းညွှန်ကြတာ ကျေးဇူးတင်လို့ မဆုံးပါဘူး... ဒါပေမယ့် ဒီစေတနာတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွား ခိုက်ရန်များမှာကိုတော့ ဖိုးသား မလိုလားပါဘူး... စေတနာ အမှားတွေနဲ့ တစ်ယောက်ကို တစ်ယောက် အမုန်းများကြမှာကိုလည်း ဖိုးသား ကြောက်မိပါတယ်...

    ဖိုးသားနားလည်ပါတယ် အစ်ကိုကော အစ်မကော ဖိုးသားအပေါ် စေတနာနဲ့ ပြောပြ သွန်သင်ကြတယ်ဆိုတာ... ဖိုးသားလည်း အခု စိတ်တည်ငြိမ်မှု ပြန်ရသွားပါပြီ... အခုလို ဖိုးသား အားငယ်နေချိန်၊ အကူအညီ လိုအပ်နေချိန်မှာ အားပေးစကား ဆုံးမသွန်သင် လမ်းညွှန်တဲ့ စကားတွေ ပြောကြားကြလို့ ထပ်လောင်း ကျေးဇူး တင်ပါရစေ...

    အစ်မကော အစ်ကို TZN ကော စိတ်နှလုံး ချမ်းမြေ့ ပျော်ရွှင်ပါစေ၊ တရားနှလုံးသွင်းပြီး ကောင်းမြတ် အေးချမ်းတဲ့ နေ့ရက်လေးတွေကိုလည်း နေ့စဉ်ရက်ဆက် ပိုင်ဆိုင်နိုင်ပါစေ အစ်ကိုနဲ့ အစ်မ...

    လေးစားခင်မင် ကျေးဇူးတင်စွာဖြင့်
    ဖိုးသား တစ်ဖြစ်
    ပြည့်စုံအောင်

  9. ကျေးဇူးပါဖိုးသားရေ...အဖြူရောင်မေတ္တာပိုင်ရှင်ဖိုးသား
    လည်းကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပျော်ရွှင်စွာနဲ့ လောက
    ကောင်းကျိုး၊သာသနာတော်အကျိုးဆထက်တပိုး
    ဆောင်ရွက်နိုင်ပါစေလို့ အစဉ်အမြဲဆုတောင်းမေတ္တာပို့ သ
    လိုက်ပါရစေ..... နှုတ်ဆက်ခဲ့ပါတယ်။
    ခင်မင်စွာဖြင့်,

Leave a Reply