ဒီကနေ့တော့ ကျွန်တော် တစ်ခုခု အကြောင်းလေး ပြောပါရစေ၊ ဒီ တစ်ခုခုကို ကျွန်တော် ဆရာတော် အရှင် ဥတ္တမသာရ ရဲ့ တရား တစ်ပုဒ်ကနေ နာကြားခဲ့ရတာပါ။ အခု ကျွန်တော် အောက်မှာ ရေးမယ့် တစ်ခုခု အကြောင်း အရာများကို အကုန် လက်ခံရမယ် မဆိုလိုပါ… လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြမှန်း ကျွန်တော် သိပါတယ်.. အဲဒီတော့ကာ အခုရေးမယ့် အကြောင်းအရာကို ဘယ်လို ပြောမလဲ… မကြိုက်ရင် ပယ် ကြိုက်ရင် ၀ယ်ပါ၊ မကြိုက်ရင်ထား ကြိုက်ရင်စားပါ လို့ပဲ ပြောဆို သုံးနှုန်းလိုက်ပါ့မယ်… ဆိုလိုတာကတော့ ဒီရေးတဲ့ အထဲက သင်လက်ခံနိုင်တဲ့ သင်နဲ့ကိုက်တဲ့ တစ်ခုခုကို သင်ယူပေါ့၊ သင်နဲ့ အံဝင်ဂွင်ကျ မဖြစ်ဘူး ထင်တဲ့ တစ်ခုခုကိုတော့ သင်ပယ်ချင်ပယ်ပေါ့.. ဒီသဘောပါ…
တစ်ခုခု… ဟုတ်ပါတယ် ကျွန်တော်တို့ မိတ်ဆွေတို့တစ်တွေ ဒီတစ်ခုခုကြောင့် ဒုက္ခတွေ ရောက်နေရတာပါ၊ ဘယ်လို ဒုက္ခရောက်သလဲ… တစ်ခုခုကို စွဲလမ်းတယ်၊ တစ်ခုခုကို တန်ဖိုးထားတယ်၊ တစ်ခုခုကို အားကိုးတယ်၊ တစ်ခုခုကို အဖော်လုပ်တယ်… စသဖြင့်ပေါ့လေ… အဲလို တစ်ခုခု အစွဲတွေကြောင့် ဒုက္ခ ရောက်နေရတာပါ…။
နည်းနည်းလေး နားလည်အောင် ထပ်ပြောပါ့မယ်… သင် တစ်ခုခုကို လုပ်ချင်နေလို့ လုပ်စရာတွေ ရှိလာတာပါ၊ တစ်ခုခုကို စားချင်နေလို့ စားစရာတွေ ဖြစ်နေတာပါ၊ တစ်ခုခုကို ကျက်ချင်နေလို့ စာကျက်စရာတွေ ရှိနေတာပါ၊ တစ်ခုခုကို ချစ်နေလို့ ချစ်စရာဆိုတာ ဖြစ်လာတာပါ၊ တစ်နေရာရာကို သွားချင်နေလို့ သွားစရာ နေရာတွေ ကမ္ဘာမြေမှာ မဆုံးနိုင်တာပါ၊ တစ်ခုခုကို ၀တ်ချင်နေလို့ ၀တ်စရာတွေ ဖြစ်နေတာပါ၊ တစ်ခုခုကို ၀ယ်ချင်နေလို့ ၀ယ်စရာတွေ ဖြစ်နေတာပါ၊ တစ်ခုခုကို ခံစားနေလို့ ခံစားစရာဆိုတာ ဖြစ်နေတာပါ၊ တစ်ခုခုကို အားကိုးနေလို့ အားကိုးစရာတွေ များနေတာပါ၊ တစ်ခုခုကို သောက်ချင်နေလို့ သောက်စရာတွေ ဖြစ်နေတာပါ၊ သောက်စရာတွေ များနေတာပါ...
ရောဂါတစ်ခုခုရှိတယ် ထင်နေလို့ ရောဂါတွေ များနေတာပါ၊ ဒါတွေဟာ စားစရာတွေလို့ ယူဆနေလို့ စားစရာတွေ များနေတာပါ၊ တစ်ခုခုကို အစွဲပြုနေတာပါ၊ တစ်ခုခုကို ငါပိုင် ငါဆိုင် လုပ်နေတာပါ၊ တစ်ခုခုကို အားကိုးချင်နေတာပါ၊ တရားလုပ်တယ် ဆိုတာ အဲဒီ တစ်ခုခုကို ဖြုတ်ဖို့၊ တစ်ခုခုကို ဖြတ်ဖို့ပါ…။ အဲလို မဖြုတ်သ၍ မဖြတ်သ၍ အဲဒီ တစ်ခုခုကပဲ လိုက်ဒုက္ခ ပေးနေတာပါ..။ အဲလို ဒုက္ခ မရောက်အောင် ဘယ်လို ဖြတ်ရမလဲ၊ ဘယ်လို ဖြုတ်ရမလဲ…။
တစ်ခုခုကို လုပ်ချင်နေလား၊ လုပ်ချင်နေတဲ့ တစ်ခုခုကို ဖြတ်ပစ်ရမှာပါ၊ ဒါဆို လုပ်စရာဆိုတာ များလာ စရာအကြောင်း မရှိတော့ပါဘူး…။ တစ်ခုခုကို စားချင်နေလား၊ အဲဒီ စားချင်တဲ့ တစ်ခုခုကို ငါစွဲ မလုပ်ဖို့ပါ၊ ဒါဆို စားစရာဆိုတာလည်း ဘာမှ မဟုတ်တာကို တွေ့ရမှာပါ၊ တစ်ခုခုကို ချစ်နေလား၊ အဲဒီ ချစ်နေတဲ့ တစ်ခုခုကို ပယ်ရမှာပါ၊ ဒါဆိုရင် ချစ်စရာတွေ မရှိတော့တာကို သိသလို ချစ်တယ် ဆိုတာ ဘာမှ မဟုတ်မှန်းလည်း သိလာမှာပါ၊ တစ်ခုခုကို အားကိုးချင်နေလို့ အားကိုး စရာတွေ ရှိနေတာပါ၊ အဒီ အားကိုး ချင်စိတ်ကို မရှိအောင် လုပ်ရမှာပါ၊ ဒါမှ အားကိုး စရာဆိုတာ မရှိတော့သလို စိတ်လည်း လွတ်လပ်နေမှာပါ၊ ပေါ့ပါးနေမှာပါ၊ အဓိကက ကိုယ်တစ်ခုခုလို့ ယူထားတဲ့ အရာတွေကို စွန့်ဖို့ပါ…။
တစ်ကယ်တော့ အဲဒီ တစ်ခုခုဆိုတဲ့ အရာတွေက တကယ်ရှိတာ မဟုတ်ပါဘူး..၊ ကိုယ်က အဲဒီ တစ်ခုခုကို အရှိလုပ်နေလို့ တစ်ခုခုတွေက တရစပ် မရပ်မနား ဖြစ်ပေါ်နေတာပါ၊ သူ့ဟာသူ ဖြစ်ပေါ်နေရုံတင် မကဘူး၊ အဲလို အရှိလုပ်နေတဲ့ သူကိုပါ အဲဒီတစ်ခုခုက လိုက်ပြီး ဒုက္ခပေးနေတာပါ၊ လိုက်ပြီး ခြယ်လှယ်နေတာပါ စိုးမိုးနေတာပါ...၊ သံသရာ လည်နေကြရတာလည်း အဲလို တစ်ခုခုကို အစွဲပြုနေလို့ပါ၊ တစ်ခုခုကို မရှိတာကို အရှိလုပ်နေလို့ပါ…၊ တစ်ခုခုကို အားကိုး စရာလို့ ထင်မြင် ယူဆနေလို့ပါ…။
ဒါကြောင့် တစ်ကယ် မရှိတဲ့ ကိုယ်အရှိထင်နေတဲ့ အရာတွေ၊ ပညတ်တွေကို စွန့်ပါ၊ ဖြတ်ပါ၊ ဖြုတ်ပါ၊ ပယ်ပါ၊ အဲဒီ တစ်ခုခု တစ်ကယ် မရှိတာကို ထိုးထွင်း သိနိုင်အောင်လုပ်ပါ၊ တစ်ခုခု တစ်ကယ် မရှိဘူး ဆိုတာကိုလည်း ပိုင်းခြား သိပါ၊ ဆက်စပ်သိပါ၊ အဲလို သိနိုင်အောင်လည်း ကြိုးစားပါ၊ အဒီ တစ်ခုခုကြောင့် သင့်ဘ၀ကို နောက်ထပ် အလုပ်ရှုပ် မခံပါနဲ့တော့၊ တစ်ခုခုကို အခြယ်လှယ် မခံပါနဲ့တော့…၊ တစ်ခုခုကို တွန်းလှန် ဖယ်ရှားကြပါ၊ ဒါဆိုရင် သင့်ဘ၀ဟာ တစ်စတစ်စ တစ်ခုခု ကိစ္စတွေ နည်းနိုင်သမျှ နည်းလာပါလိမ့်မယ်၊ လျော့ပါးနိုင်သမျှ လျော့ပါး လာပါလိမ့်မယ်၊ အဲဒီကနေ ကိုယ်တကယ် အရှိထင်နေတဲ့ တစ်ခုခုတွေ တကယ် မရှိတဲ့ ပရမတ် တရားတွေကိုလည်း သင်ရှာဖွေ တွေ့ရှိလာပါလိမ့်မယ်… အဲဒီလို ရှာဖွေ တွေ့ရှိတာကိုလည်း တစ်ခုခုလို့ မထင်ပါနဲ့၊ တစ်ခုခုလို့ ထင်နေရင် ပရမတ်တရားက အစစ် မဖြစ်နိုင်သေးပါဘူး…။ အဲဒီ ကိုယ်ထင်နေတဲ့ တစ်ခုခုကို စွန့်နိုင် ဖယ်ရှားနိုင်ပါမှ ပရမတ်အစစ်ကို တွေ့မှာပါ…။ ။
>>> စာဖတ်သူ ဓမ္မမိတ်ဆွေများ အားလုံး တစ်ကယ် မရှိတဲ့ တစ်ခုခု ကို စွန့်လွှတ်နိုင်ပြီး တကယ်ရှိနေတဲ့ တစ်ခုခု မဟုတ်တဲ့ တစ်ခုခု ကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေ…။
လေးစားစွာဖြင့်
ဖိုးသား
18/03/2009, WED:, 1:41:57 AM

March 18, 2009 at 12:02 AM
တစ်ခုခု
္ကဤအမှု...
သူ..ငါပြုသည်
ရှိမှု...မရှိမှု
ဘာတစ်ခုမှမသိ...
နိစ္စလို့ မြဲထင်မိပြီ
ဝဲလျှင်သံသရာထဲ
ဘယ်ဆုံးနိုင်မလဲ...။