ကျွန်တော် ဒီနေ့ ကျောင်းက ပြန်လာပြီး ထမင်းစား၊ နောက် တစ်ရေးလောက်အိပ်၊ ပြီးတော့ ရေချိုးတယ်ပေါ့…။ အဲလို ရေချိုးတဲ့ အချိန် ကျွန်တော် တွေးမိတဲ့ အတွေးလေးကို မျှဝေချင်တာနဲ့ ဒီပို့စ်လေးကို ရေးလိုက်ရခြင်းပါ…။
ဘယ်လို စပြောရမလဲ… ဒီနေရာကပဲ အရင် တောင်းပန် ပါရစေ၊ ကျွန်တော်ရေးတဲ့ စာသားများ ထဲမှာ နည်းနည်း မယဉ်ကျေးသလိုများ ဖြစ်နေခဲ့ရင်… နားနဲ့မနာ ဖ၀ါးနဲ့သာ နာကြပါ…။
မပြောလို့ကလည်း မပြီးဘူး ဆိုတော့.. ပြောလိုက်ပါ့မယ်… ရေချိုးတာက ရေချိုးခန်းနဲ့ဆိုတော့ သိကြတဲ့ အတိုင်း အမေမွေးတဲ့ အတိုင်း ချိုးတာပေါ့ (ကိုယ်တုံးလုံးခင်ဗျ… ကန်တော့်နော်)..။ အဲလို ချိုးနေရင်း ကျွန်တော် ခုလိုလေး တွေးမိသဗျ…။
ကျွန်တော်တို့ မိတ်ဆွေတို့ တစ်တွေ အမေမွေးတုန်းက အဲလို ကိုယ်တုံးလုံး ဘာမှမပါ ဗလာနတ္ထိ မွေးလာကြတာပေါ့… အခု အချိန်မှာ ဆင်းရဲ နေသူတွေရော၊ ချမ်းသာ နေသူတွေရော လူတိုင်းပဲလေ… ဘယ်သူမှ မွေးကတည်းက အ၀တ် ပါမလာပါဘူး… လူတိုင်း ကိုယ်တုံးလုံးချည်းပဲ… နောက်တစ်ခု သတိရမိတာလေး ရှိသေးတယ်… အဲဒီ ကိုယ်တုံးလုံးကို ပေါ်လွင်အောင် ပြောတဲ့ သင်္ကြန် သံချပ်လေး… ငယ်ငယ်တုန်းက ပြောကြတာလေးပေါ့… သင်္ကြန်ကားတွေနဲ့ လိုက်လည်တဲ့ ယောက်ျားသားတွေက ရေပက်တဲ့ မိန်းမပျိုလေးတွေကို ပြောတဲ့စကားလေးပါ…။ ဒီနေရာမှာလည်း စာအသွားကို မယူပါနဲ့၊ သဘော အသွားကို ယူပါ.. ဒီလိုလေး ပြောကြတာ… *ဟိုကောင်မလေး ငယ်ငယ်တုန်းက ကိုယ်တုံးလုံး ကိုယ်တုံးလုံး* ဆိုပြီတော့…
ဒါက မွေးတုန်းက ကိုယ်တုံးလုံး ကိစ္စ၊ ကဲ သေတော့ကော… အဲ သေတော့ ကိုယ်တုံးလုံးတော့ မဟုတ်ဘူးပေါ့… အ၀တ်လေးတော့ ၀တ်ထား ကြတာပေါ့… ဒါဟာလည်း လူမြင်မကောင်းလို့ ၀တ်ပေး ထားကြတာ…
ဘာလို့ ကျွန်တော် ဒီ ကိုယ်တုံးလုံးကို ထပ်တလဲလဲ ပြောနေရလဲ ဆိုတော့ အဲဒါလေးကို ပြန်ပြန်စဉ်းစားရင်း သံဝေဂ ယူတတ်အောင်လို့ပါ… ဟုတ်ပြီ ဘယ်လို စဉ်းစားမလဲ… ဘယ်လို သံဝေဂယူမလဲ… ကျွန်တော် တွေးမိတာလေး ပြောကြည့်ပါ့မယ်…။
မွေးတုန်းက ကိုယ်တုံးလုံး ဘာမှမပါ၊ သေတော့ကော ကိုယ်တုံးလုံးတော့ မဟုတ်.. သို့သော် ယူစရာဆို၍ ဘာမှ မပါ၊ ယူလို့လည်း မရ… ကိုယ်ရှာထားသမျှ၊ ကိုယ်စုဆောင်း ခဲ့သမျှ ဘာမှမပါ… ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဘွဲ့လက်မှတ်တွေ ဒါတွေကော ဘာဆို ဘာမှ ပါမလာခဲ့… မကောင်းတတ်၍ ၀တ်ပေးလိုက်တဲ့ အ၀တ်လေး တစ်စုံနဲ့ ကူးတို့ခလေးသာ ရှားရှားပါးပါး ပါလာခဲ့ကြတယ်လေ… ဟုတ်ပါသလား မိတ်ဆွေတို့…
ဒါပေမယ့်လည်း သင်ယူနိုင်တာ သင့်နောက် ပါတာတွေလည်း ရှိနေလေရဲ့… ဘာတွေလည်း ဆိုတော့ သင် လူ့ဘ၀ အသက်ရှင်စဉ်က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ် ကံတွေလေ… ဒါတွေကတော့ သင် သေပြီးလို့ ဘယ်ဘ၀ ရောက်ရောက် သင့်နောက်ကို အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်နေကြမှာ…
သင်ကောင်းတာ လုပ်ခဲ့ရင်တော့ ကောင်းတာတွေ ပါမပေါ့… မကောင်းတဲ့ အကုသိုလ်တွေ လုပ်ခဲ့ရင်လည်း အဲဒီ အကုသိုလ်တွေ ပါမှာပေါ့နော… အဲ နောက် ကောင်းတာနဲ့ မကောင်းတာ ရောပြီး လုပ်ခဲ့တဲ့ သူတွေ အတွက်လည်း ကောင်းတာ မကောင်းတာ နှစ်ခုက ရောသမပြီး အကျိုးပေးမှာက ဧကန် မလွဲပဲလေ… အကျိုးပေးတဲ့ အချိန်တော့ ကွာချင် ကွာမပေါ့…
ဒီနေရာမှာ သေတဲ့သူတွေကို ကြည့်ပြီး သံဝေဂ ယူနိုင်စရာ စကားလေး ပြောချင်ပါသေးတယ်… ဘုန်းဘုန်းဦးကောသလ္လ တရားတစ်ပုဒ်မှာ ပြောသွားတာလေးပါ…။ ဘာလဲ ဆိုတော့ ဘုန်းဘုန်းက အောက်က တရားနာသူတွေကို ခုလို လှမ်းမေးတယ်လေ…
ဒကာတို့… ဒကာတို့ရဲ့ အမျိုးသမီး သေရင် နားကပ်ကို ဘယ်အချိန်မှာ ချွတ်မလဲတဲ့…
တကယ် စဉ်းစားကြည့်ရင် တအား သံဝေဂ ရစရာ ကောင်းပါတယ်… အဖြေကတော့ ဖြေပြစရာ မလိုဘဲ လူတိုင်း သိပြီးသားပါ… ဘယ်အချိန်မှာ ချွတ်မလဲဆိုတာ..
သေသေပြီးချင်း ချွတ်မှာပေါ့… ဘယ်နေလိမ့်မလဲ တဲ့… ဘုန်းဘုန်းက အဲလို သံဝေဂရဖွယ် ဟောသွားပါတယ်…
တစ်ချို့တော့ ရှိရင် ရှိကြမှာပါ… သေသေပြီးချင်း မချွတ်ဘဲ နောက်မှ ချွတ်တာမျိုး… ဒါပေမယ့် သေချာတာ တစ်ခုကတော့ နားကပ်ကို ချွတ်တယ် ဆိုတာပါပဲ… ဘယ်သူမှ ဒီတန်ဖိုးကြီး ပစ္စည်းကို ထည့်ပေးဖို့ ဆိုတာ တော်တော် စဉ်းစား ရမယ့် ကိစ္စပါ… မချွတ်ဘဲ ထည့်ပေးလိုက်တဲ့ လူတွေလည်း ရှိချင်ရှိချင်မှာ… ထားပါ အဓိကကတော့ ကိုယ်သေရင် ကိုယ့်နောက်ကို ဘာမှ မပါဘူးဆိုတာကို ပြောချင်တာပါ...။
ကဲ အဲဒီတော့ မိတ်ဆွေတို့… မိတ်ဆွေတို့ကို ကျွန်တော် တစ်ခု မေးချင်တာက… သင်တို့တွေ အခု ဘာတွေ လုပ်နေကြသလဲ… သေရင် ကိုယ့်နောက်ပါမယ့် အရာတွေ လုပ်နေကြသလား… ဒါမှမဟုတ် အကုသိုလ်တွေ လုပ်ရင်း ဘ၀ကို ဖြတ်သန်း နေကြလား…
ဒါလေးကို စဉ်းစား ကြည့်ကြဖို့ အလေးအနက် ပြောပါရစေ၊ ဖြစ်နိုင်ရင် ညအိပ်ရာ ၀င်ခါနီးတိုင်း ငါဒီနေ့ ကုသိုလ်ရကြောင်း ဘာတွေ လုပ်ခဲ့လဲ… နောက် အကုသိုလ် ကိစ္စတွေကော ဘယ်လောက်များများ လုပ်ခဲ့လဲ… နောက်တစ်ချက် ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ကို ပြန်နှိုင်းယှဉ်ပြီး ဘယ်ဟာက ပိုများလဲ… စသဖြင့် နေ့စဉ်နေ့တိုင်း ဆင်ခြင်သင့်ပါတယ်… အဲလို ဆင်ခြင် ပြီးရင်လည်း နောက်ရက်တွေမှာ ကိုယ်ဒီနေ့ လုပ်ခဲ့တဲ့ အကုသိုလ် အလုပ်မျိုး နောက်ထပ် ထပ်မဖြစ်အောင်၊ ကုသိုလ် အလုပ်တွေသာ တိုးပွားသထက် တိုးပွားအောင်လည်း လုပ်ဆောင်ဖို့ လိုပါတယ်…
အဲလိုသာ နေ့စဉ်နေ့တိုင်း ဆင်ခြင် လုပ်ကိုင်နေရင်တော့ မွေးတုန်းက ဘာမှမပါတဲ့ ကိုယ်တုံးလုံးဘ၀၊ နောက် သေတဲ့အခါမှာလည်း အ၀တ် တစ်စုံကလွဲပြီး ဘာမှမပါတဲ့ ဘ၀တွေကို ကျော်လွန်ပြီး သင့်အတွက် ကုသိုလ်တွေသာ နောင်ဘ၀ကို ကျေးဇူးပြု ပါသွားတော့မှာပါ…
နောင်ဘ၀လို့ပြောလို့ သံသရာ လည်စေတာပဲ လို့တော့ မထင်စေချင်ပါဘူး… ပါရမီတွေ မပြည့်သေး သ၍တော့ နောင်ဘ၀ဆိုတာ တွေကို ထပ်ကာ တလဲလဲ ဖြတ်သန်းရင်း ပြည့်တဲ့ အထိတော့ ဖြည့်နေရဦးမှာပါ… အဲသလို ဖြတ်သန်းရာမှာ ဒီကုသိုလ် တရားတွေက အထောက်အပံ့ အနေနဲ့တော့ ပါနေဦးမှာပါ… ဒါကြောင့် ကိုယ်က လောဘ၊ ဒေါသ၊ မောဟ ပါတဲ့ အကုသိုလ် တရားတွေကို ရှောင်ရှားရင်း ကုသိုလ် တရားတွေသာ အစဉ်သဖြင့် တိုးပွားအောင် သတိလေးနဲ့ ထိန်းပြီး ဘ၀ကို ဖြတ်သန်း စေချင်ပါတယ်…။
ဒါက ရေချိုးရင်း ကျွန်တော် တွေးမိတဲ့ ပထမ အချက်ပါ…။ နောက်တစ်ချက်က…
ကျွန်တော် တို့တစ်တွေ ကိုယ့်ကိုယ်ခန္ဓာက ကြေးညော် တွေကင်းအောင် ကိုယ်နေထိုင်တဲ့ ဒေသကို လိုက်ပြီး တစ်ရက် တစ်ခါ ဖြစ်ဖြစ် နှစ်ခါဖြစ်ဖြစ် ရေချိုးကြပါတယ်… ဒီလိုမှ မချိုးရင် ကိုယ်ခန္ဓာမှာ ကြေးတွေ အထပ်ထပ် ကပ်လို့ အနံ့ တွေ ထွက်လာတတ်တာ လူတိုင်း သိပြီးသားပါ…
ဒီလိုပါပဲ… ကျွန်တော်တို့ ပုထုဇဉ်တွေရဲ့ စိတ်ခန္ဓာမှာလည်း အကုသိုလ် ဆိုတဲ့ ကြေးညော်တွေက နေ့စဉ်နေ့တိုင်း လာလာပြီး တွယ်ကပ် ငြိစွန်း နေကြတာပါ…။ ဒီအကုသိုလ် ကြေးညော်တွေကို ကျွန်တော်တို့က ကျွန်တော်တို့ တစ်တွေရဲ့ စိတ်ခန္ဓာမှာ နည်းနိုင်သမျှ နည်းအောင်၊ ကွာကျအောင်၊ အကုသိုလ် အနံ့တွေ မနံအောင် တရားရေအေး၊ ကုသိုလ် ရေအေးတွေကို စိတ်ခန္ဓာပေါ် လောင်းလို့ နေ့စဉ်နေ့တိုင်း သတိရတဲ့ အချိန်တိုင်း ချိုးပေးသင့်ပါတယ်…။ ဒီလို ချိုးပေးပါမှ ဒီအကုသိုလ် ကြေးညော် အနံ့တွေက ကျွန်တော်တို့ရဲ့ စိတ်သန္တာန်ကနေ တဖြေးဖြေး ကင်းစင် လွင့်ပျောက်မှာပါ…
အကုန်လုံး ကင်းစင်ပါ့မလား လို့တော့ ဆင်ခြေ တက်စရာ လိုမယ် မထင်ပါဘူး…။ ကိုယ့်ဘက်က မှန်မှန် တရားရေအေး၊ ကုသိုလ် ရေအေးတွေနဲ့ ပုံမှန် ချိုးပေးနေဖို့ပဲ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်…။
ကဲ မိတ်ဆွေတို့… အရင်က ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့…. အဲဒီ ဖြစ်ခဲ့တာတွေကို ပြန်တွေး မနေပါနဲ့တော့… လုပ်စရာရှိတဲ့ ကုသိုလ် အလုပ်တွေ၊ ဒါန သီလ ဘာဝနာ အလုပ်တွေကိုသာ ပုံမှန်လုပ်ရင်း သင်တို့ စိတ်သန္တာန်က အကုသိုလ် ကြေးညော်တွေကို ဆေးကြောကြပါစို့…။
အဲ ဒီလိုပြောလို့ မိတ်ဆွေတို့က မင်းကော အဲလို အကုသိုလ် ကင်းအောင် ဘာလုပ်နေလဲလို့ မေးချင်မလားပဲ… ဒီလိုမေးလာရင်တော့…
**************************************
လေးစားစွာဖြင့်
ဖိုးသား
3/20/2009, SAT:, 7:45:48 PM

ကျွန်တော်လည်း ရေချိုးနေပါတယ်လို့…။
**************************************
လေးစားစွာဖြင့်
ဖိုးသား
3/20/2009, SAT:, 7:45:48 PM
March 20, 2009 at 1:31 PM
ပို့ကောင်းလေးတွေ အတွက် ကျေးဇူးပါ သူငယ်ချင်း။ ညွှန်ပြဆုံးမတဲ့ စေတနာ အတွေးလေး ကောင်းတယ်ကွာ။ သာဓုခေါ်မိပါတယ်။ သတိ ထား နေထိုင်ကျင့်ကြံနေလျက်..။
လေးစားစွာသော သူငယ်ချင်း..