Latest News

*နွားကျခဲ့သော ရက်စွဲများ(၁)*


=== ဒုတပ်ရင်းမှူးတာဝန်ကျဗိုလ်လောင်း ဗိုလ်လောင်းအမှတ် တစ်ရှစ်ခြောက်ငါး ဗိုလ်လောင်း ပြည့်စုံအောင်
=== *ရှိ*

>>> အားပါးပါး ကိုယ့်အသံကိုယ် ဘယ်လောက်ကျယ်သွားမှန်းတော့ မသိဘူး။ ဒါပေမယ့် ဂုဏ်ယူဝင့်ကြွားရိပ်တွေ ပါနေတယ်ဆိုတာတော့ ကျွန်တော်သိလိုက်ပါတယ်။ *ထွက်* ဆိုတဲ့စကားသံနဲ့ အတူ ကျွန်တော်တစ်ယောက် ရင်ဖွင့်၊ ခါးမတ်၊ လက်အပြည့်လွှဲလို့ စကွက်ရဲ့ (လူအများ) ရှေ့ကို ထွက်ခဲ့ပါပြီ။ ညီငယ်ဗိုလ်လောင်းတွေကတော့ အားကျတဲ့အရိပ်အယောင်တွေ ရှိနေသလို အင်တိတ်တူတွေကလည်း ကျေနပ်ကြလိမ့်မယ်ဆိုတာ ကျွန်တော်သိနေတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘာဖြစ်လို့ဖြစ်နေမှန်း သေသေချာချာ မသိဘူး။ တစ်ခုခု ဖြစ်နေတာတော့ သေချာပါတယ်။

>>> အိုး .. အမဲအောက်ခံမှာ ရွှေရောင်ကြယ်သုံးပွင့်ကို သုံးပွင့်ဆိုင်ထားတာ တော်တော်လေးကို ကျက်သရေရှိလှတာပေါ့ (အဲဒီအချိန်တုန်းက ထင်ခဲ့တာပါ)။ သူငယ်ချင်းတွေက အသားကလည်းမည်း ဒေါက်ကလည်းမည်း မင်းနဲ့တော့ လိုက်ပါ့ကွာလို့ စတာ နောက်တာကိုပဲ တအားသဘောကျနေတာပေါ့။ ကိုယ့်ကို နဖားကြိုးစထိုးလို့ ထိုးလိုက်မှန်း အဲဒီအချိန်တုန်းက တော့ ဘယ်သိခဲ့ မလဲဗျာ။

>>> ဒီလိုနဖားကြိုး အထိုးခံဖို့ ကလည်း ဘယ်ကစသလဲ ဆိုတော့..
ကျွန်တော်တို့ကျောင်းက ငါးနှစ်တက်ရတာလေ။ ပထနှစ်တုန်းက တော့ ဆယ်တန်းတုန်း ကအရှိန်လေးနဲ့ စာလုပ်ဖြစ်ပါတယ်။ ပင်ပန်းပေမယ့် ပင်ပန်းတဲ့ကြားကပဲ အချိန်လုပြီး လုပ်ခဲ့တယ်။ အဲဒါကောင်းတာလား ဆိုးတာလားတော့မသိဘူး။ ပထမနှစ်ခွင့်ပြန်လာတော့ အောင်စာရင်းတွေထွက်တယ်။ ကျွန်တော်က စာပေမှာ အဆင့်နှစ်၊ အဆင့်တစ်က ခုလက်ရှိကျွန်တော့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ကျော်ကျော် (ခိုင်မြဲကျော်သူ)။ ဒါပေမယ့် သူက ဘုရင့်နောင်တပ်ရင်းကဆိုတော့ ကျွန်တော်က ကျွန်တော်တို့ အနော်ရထာ တပ်ရင်းမှာ first ဖြစ်သွားတယ်။ အဲဒီမှာစတာပဲ။ ပထမနှစ်အင်တိတ် S.O (အောင်စာရင်းတွေမထွက်ခင်တုန်းက သူက ဆယ်တန်းအမှတ်အများဆုံးနဲ့ ပထမနှစ် တပ်ရင်းမှူးရာထူးရထားတာ) ရန်မျိုးအောင်က(အဲဒီတုန်းက သူကစာပေ အဆင့် သုံး၊ ခုတော့ မေဂျာဘရားသားပေါ့။ ကျော်ကျော်နဲ့လည်း မေဂျာအတူတူပါပဲ) ကျွန်တော့ကိုနောက်နေ့တွေမှာ တန်းစီတဲ့ အလုပ်တွေ မင်းလုပ်တော့ဆိုပြီး (အဲဒီအချိန်က ပထမနှစ် ဗျူဟာတန်း) ကျွန်တော့လက်ထဲ ခရာနဲ့ တန်းစီဇယားတွေ လာထည့်တော့တာပဲ။ နဂိုကတည်းက ခပ်နုံနုံ ခပ်အအ ကျွန်တော်တစ်ယောက် အဲဒီမှာ စတွေ့တော့တာပဲ။ ညတွင်းချင်းပဲ ရန်မျိုးအောင်ဆီထပ်သွားပြီး တန်းစီဇယား ရေးပုံရေးနည်းတွေ မေး နောက်နေ့ မနက်တန်းစီဖို့ အတွက် ပြင်ဆင်ရတော့တာပေါ့။ ကူမဲ့သူကမရှိနဲ့ တော်တော်လေးကို ရုန်းခဲ့ရပါတယ်။ (ခုမှသိတာပါ ရုန်းခဲ့ရတယ်ဆိုတာ) နောက်နေ့တန်းစီတော့လည်း ပြောပြရအုံးမယ်။ အဲဒီ အချိန်ကတော့ ကျွန်တော်က ပထမနှစ်တပ်ရင်းမှူးဆိုတော့ ရှေ့ထွက်ပြီး command ပေးရတယ်။ တစ်ခါမှ လည်းမလုပ်ဖူး။ လူရှေ့ထွက်ရတာလည်း အင်မတန်ကြောက်တဲ့ကျွန်တော် တော်တော်လေး ပြာကိုင်သွားတာပေါ့။ (ပြာကိုင်တယ်ဆိုတာ ပျာယာခတ်တာကိုပြောတာပါ)။ ဒါနဲ့ရှေ့ကြည့်တွေဘာတွေအော်။ နည်းနည်းပါးပါး စိတ်ကလေးကိုထိန်းပြီး လုပ်စရာရှိရာလုပ်နဲ့ တန်းစီတဲ့အပိုင်းကတော့ အိုကေသွားတယ်။ မအိုကေတာက တန်းဖြုတ်တဲ့အချိန်မှာစတာ။ ဗျုဟာ သင်မယ့်နေရာရောက်တော့ အရာရှိက မရောက်သေးဘူး။ အဲဒါကျွန်တော်က အရာရှိလာမှတန်းဖြုတ်ဖို့တော့ ပြောပါတယ်။ ဒါပေမယ့် အင်တိတ်တူတွေဆိုတော့ သိတဲ့အတိုင်းပဲလေ ပြောလို့ကမရဘူး။ ဒါနဲ့ကျွန်တော်လည်း ရှိစေတော့ဆိုပြီး လွှတ်ပေးလိုက်ရတယ်။

>>> ဇာတ်လမ်းက ဗျူဟာသင်မယ့် အရာရှိလာမှစတာ။ သူ့ကိုသတင်းမပို့ဘဲ တန်းဖြုတ်ရမလား ဆိုပြီး ကျွန်တော့ကို ကောလည်းကော ကျွမ်း (ဂျွမ်း) တွေပတ်ထိုးခိုင်းလိုက်တာ တစ်ရက်တည်းနဲ့ တော်တော်လေး စိတ်ဓါတ်ကျသွားမိတယ်။ ဒါပေမယ့်လည်းတော်ပါသေးတယ်။ ကျော်ကျော်က ကျွန်တော့်ကို အားပေးပေလို့။ သူကခုတိုင်အောင် ကျွန်တော့်အပေါ် ကောင်းတဲ့သူငယ်ချင်းပါ။
ကျွန်တော်လည်းဖတ်ထားဖူးခဲ့တဲ့ အသိတရားစာလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးထိန်းရတယ်။ ဒါပေမယ့် စိတ်ကတော့ အဲဒီအချိန်က အသားကုန်ညစ်ထွက်သွားတာ။ ဒါပေမယ့် ဒီစိတ်ညစ်စရာလေးက အစပဲရှိသေးမှန်း နောက်ပိုင်းမှပဲ သိလိုက်ရတော့တယ်။

>>>ဒုတိယနှစ်မှာလည်း ရုန်းတော့ရုန်းရပါတယ်။ ဒါပေမယ့် သိပ်မသိသာခဲ့ပါဘူး။ တတိယနှစ်မှာ ရုန်းရတာလေး နည်းနည်းလောက်ပြောပြချင်ပါသေးတယ်။ တတိယနှစ်မှာတော့ ကျွန်တော်က ဒုတပ်ရင်းမှူးအဖြစ် လျာထားခြင်း ခံခဲ့ရပါတယ်။ ခေါင်းစဉ်ပြောင်းသွားပေမယ့် လုပ်စရာလေးတွေ လုပ်နေရသလို ရုန်းစရာလေးတွေလည်း ရုန်းနေခဲ့ရတာပေါ့ဗျာ။

>>> အကျေအလည် စိတ်ညစ်စရာလေး တစ်ခုပြောပြဦးမယ်။ တတိယနှစ်မှာဖြစ်တာ။ ကျွန်တော့ကို တပ်ရေးဗိုလ်ကြီး (ခုတော့ဗိုလ်မှူး ဖြစ်နေပါပြီ) ကခိုင်းတာလေး လွဲချော်သွားတဲ့ အကြောင်းလေးပါ။ သူကလည်း ကျွန်တော့ကို တိုက်ရိုက်ခိုင်းတာမဟုတ်ဘူးဗျ။ စတုတ္ထနှစ် အစ်ကိုကနေ တစ်ဆင့်ခိုင်းတာ။ ဘာအလုပ်လဲဆိုတော့ ကျွန်တောတို့ ဗိုလ်လောင်းဆောင်တွေနောက်က ခြံစည်းရိုးကိုပြင်ခိုင်းတာ။ စတုတ္ထနှစ်အစ်ကိုကလည်း ဒါလေးလုပ်လိုက်ဆိုတော့ ကျွန်တော်ကလည်း သိပ်ပြီး ပြဿနာမရှိလောက်ဘူး ထင်ပြီး သမန်ကာလျှံကာပဲ လုပ်လိုက်မိတယ်။ အဲဒီမှာ တစ်စခန်းထတော့တာပဲ။ တပ်ရေးဗိုလ်ကြီးက သူခိုင်းတာကို ကောင်းကောင်းမလုပ်ရမလား ဆိုပြီးတော့။ သူအဓိက လုပ်စေချင်တာက ခြံစည်းရိုးကို တဖြောင့်တည်းဖြစ်အောင် လုပ်ခိုင်းတာ။ ပြင်ခိုင်းတာပေါ့။ ကျွန်တော်သွားလုပ်လိုက်မိတာက (အောက်က အငယ်ဗိုလ်လောင်းတွေနဲ့ လုပ်တာပါ) ခြံစည်းရိုးကို ပြင်တော့ပြင်တယ်။ ဒါပေမယ့် ဖြောင့်အောင်လုပ်ရမယ်ဆိုတာ မသိဘူး။ အပိုစောင်း မြက်တောင်ကျွန်တော်က ရှင်းထားသေးတယ်။ ဒါပေမယ့်ခိုင်းတာနဲ့က တခြားစီ။ လွဲပုံများပြေပါတယ်။ အဲဒီတော့လည်း အရာရှိက မကောခံနိုင်ရိုးလား။ ကောရုံတင်မဟုတ်ဘူး။ ဒီနေ့လည် ၁၂ နာရီပြီးအောင်လုပ်ရင်လုပ် မပြီးလို့ကတော့ မင်းကို လိုင်းချုပ်ချပြီး ၀င်းဆိုက် (ဒုတပ်ရင်းမှူး) ရာထူးကဖြုတ်ချမယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ စုံနေတာပါပဲ။ ပြောခဲ့တာတွေ တော့ သေချာမမှတ်မိတော့ဘူး။ တပ်ရေးဗိုလ်ကြီး တော်တော်လေးဒေါသထွက်သွားတာတော့ ကျွန်တော် သိလိုက်တယ်။

>>> ကျွန်တော်လည်း တော်တော်လေး စိတ်ဓါတ်ကျသွားတယ်။ နာရီကြည့်လိုက်တော့ ဆယ့်တစ်ထိုးတော့မယ်။ ကိုယ်တစ်ယောက်တည်း လုပ်နိုင်တဲ့ ကိစ္စဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ ခုဟာက အောက်ကညီငယ်တွေကို ပြန်ခေါ်ရဦးမှာဆိုတော့ ကျွန်တော် တော်တော်လေး အကြပ်ရိုက်သွားးတာပေါ့။ သူတို့ကလည်း တစ်ခေါက်လုပ်ပြီးတော့ နောက်တစ်ခေါက် ဘယ်ပြန်လုပ်ချင်ပါတော့မလဲ။ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် မလုပ်လို့ကလည်း မဖြစ်တော့ သူတို့ကိုပြန်ခေါ်ရတော့တာပေါ့။ ကျွန်တော့ရဲ့ အားနည်းချက်က ဘာလဲဆိုတော့ သူများကို ဒုက္ခမပေးချင်ဘူး၊ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပဲ အဲဒီဒုက္ခကို ခံလိုက်ချင်တာ။ ဒုတပ်ရင်းမှူးပြုတ်မှာစိုးလို့တော့မဟုတ်ပါဘူး။ ကျွန်တော်က ဒါတွေသိပ်စိတ်မ၀င်စားဘူး။ ဒါပေမယ့် လုပ်လို့ပြောတာကို မလုပ်ပြန်ရင် အပြစ်ထပ်ဖြစ်ဦးမယ်လေ။ ဒါကြောင့် ညီငယ်လေးတွေကို ပြန်ခေါ် လိုက်ရတယ်။ (အဲဒီတုန်းက fatigue မှာပါခဲ့တဲ့ ညီငယ်တို့ကို အစ်ကို ဒီနေရာကပဲ တောင်းပန်လိုက်ပါတယ်) ဒါပေမယ့် အကုန်ပြန်ခေါ်လို့ မရတော့ဘူး။ ထမင်းသွားစားတဲ့သူက သွားစားပြီ။ အဲဒီကျမှ ကျွန်တော်လည်း ထမင်းစားချိန်ရောက်တော့မှန်း သိသလို ဗိုက်ကလည်း ဆာလာမှန်း သိတယ်။ ဒါနဲ့ သူငယ်ချင်း တစ်ယောက်ကို ထမင်းထုတ်ပေးဖို့ ပြောရတယ်။ (ကျွန်တော်ခုထိ မှတ်မိနေသေးတယ်။ အဲဒီတုန်းက ကျွန်တော့်ကို ထမင်းထုတ်ပေးခဲ့တဲ့ သူငယ်ချင်းက ကျော်ကျော်လင်း။ ခုမော်စကိုမှာ။ သူကလေတပ်ရောက်သွားတယ်)။ ဘာလို့လဲဆိုတော့ အဲဒီလိုမှ မထုတ်ခိုင်းရင် ကျွန်တော် ထမင်းငတ်မှာလေ။ ဆိုင်မှာသွားစားနိုင်တဲ့ အင်အားကလည်း ကျွန်တော့်မှာ မရှိဘူး။ ဘောင်းဘီအိတ်ထဲမှာ သုံးဖို့က ငါးရာတန်တစ်ရွက်ပဲ ရှိတော့တယ်။ ဒါနဲ့ ညီငယ်လေးတွေ အကူအညီနဲ့ ၁၂ နာရီမတိုင်ခင် ပြီးသွားတယ် ဆိုပါတော့ဗျာ။ အဲ.. တစ်ခုကံဆိုးသွားတာက ခုနက ဘောင်းဘီိအိတ်ထဲ ထည့်ထားတဲ့ ငါးရာတန်က fatigue လုပ်နေရင်း ဘယ်နားကျလို့ကျသွားမှန်းမသိဘူး။ ဗိုက်ကလည်းဆာ၊ စိတ်ကလည်းညစ်၊ ရှိစုမဲ့စု ပိုက်ဆံကလည်းပျောက်နဲ့ အဲဒီအချိန်တုန်းကတော့ တော်တော်ခံရခက်တယ်ဗျာ။ တကယ်ပါ။ ၀ဋ်ကြွေးတွေပဲ ထင်ပါရဲ့။
*နွားကျခဲ့သော ရက်စွဲများ (၂)* သို့ >>>




Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. သူငယ်ချင်းရေ..
    ပြန်စဉ်းစားတော့တော်တော်နွားကျခဲ့ကြတာပဲနော်
    ဘ၀တိုတိုလေးမှာ နွားကျတာသိပ်ပြဿနာမရှိပေမဲ့ သံသရာမှာနွားကျရင်တော့ ကိုယ်ကျိုးနည်းမယ် ထင်တယ်နော်... မင်းပြေသလို အရေးမကြီးတာတွေကို အရေးတကြီးထင်ခဲ့ကြတာပဲနော်....

Leave a Reply